Home
မြန်မာသတင်း
ဗိုလ်တထောင်မြို့နယ်မှ မြေသိမ်းခံထားရသူများ ၂၂ ကြိမ်မြောက် ဆန္ဒပြ
ပိုင်စိုး
·
January 12, 2017
  ဗိုလ်တထောင်မြို့နယ်က မြေသိမ်းခံရသူတွေ အခုအချိန်ထိ လျော်ကြေးမရတာကြောင့် ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဇန်နဝါရီလ ၁၂ ရက်က ၂၂ ကြိမ်မြောက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဘိုးဘွားပိုင်မြေတွေကို အစိုးရက ငှားသုံးပြီး ပြန်မပေးဘဲ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အဆောက်အအုံတွေ ဆောက်လုပ်ခဲ့တာပါ။ ပိုင်ရှင်တချို့ကို လျော်ကြေးပေးခဲ့ပေမယ့် နောက်ထပ် ပိုင်ရှင် ၁၀၀ လောက်ကတော့ လျော်ကြေးမရသေးတဲ့အတွက် အခုလို ဆန္ဒပြကြတယ်လို့ ဦးဆောင်သူက ပြောပါတယ်။ အကြိမ်ကြိမ်အခါအခါ ညှိနှိုင်းပြီး အစိုးရက အောက်ခြေဌာနတွေကို စာပြန်ပို့ပေမယ့် ပြေလည်မလာဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဦးဆောင်ဆန္ဒပြသူ ဦးမြင့်အောင်က “၂၀၁၆ စက်တင်ဘာမှာ သမ္မတရုံးက စာပို့တယ်။ မှန်ကန်တယ်၊ နစ်နာကြေး လျော်ကြေးပေးဖို့အကြောင်း သက်ဆိုင်ရာဌာနကို ပို့ထားပါပြီပြောတယ်။ ခုချိန်ထိ ဘာမှ ဖြစ်မလာဘူး။ ဥပဒေက စာရွက်ထဲမှာပဲ ရှိတယ်။ လက်တွေ့ ဘာမှ မရှိဘူး” လို့ ပြောပါတယ်။ ဗိုလ်တထောင်မြို့နယ် အမှတ် ၂ နဲ့ အမှတ် ၃ ရပ်ကွက်က မြေတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၄၇ ခုနှစ်ကတည်းက ငှားရမ်းသုံးစွဲခဲ့ပြီး ပိုင်ရှင်ကို ပြန်မပေးဘဲ အိုးအိမ်ဦးစီးဌာနကို လွှဲပြောင်းပေးခဲ့တာပါ။ အိုးအိမ် ဦးစီးဌာနကလည်း ပိုင်ရှင်တွေကို ပြန်မပေးပဲ သမဝါယမနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတွေကို ဆက်ငှားခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီတစ်ချို့က လူနေအိမ်တွေတည်ဆောက်ပြီး မူလ မြေပိုင်ရှင်တစ်ချို့ကိုတော့ လျော်ကြေး သတ်မှတ်ပေးခဲ့ပါတယ်။ မြေပိုင်ရှင် ၄၀၀ လောက်မှာ ၃၀၀ လောက်ကပဲ လျော်ကြေးရခဲ့တာပါ။ ဦးမြင့်အောင်က “အိုးအိမ်ကလည်း ခေါ်စစ်တယ်။ တပ်ကလည်း ခေါ်စစ်တယ်၊ ဗိုလ်တထောင်မြို့နယ် မြေယာကော်မတီ ကလည်း ခေါ်စစ်တယ်။ ဟန်ပြခေါ်စစ်နေတယ်လို့တောင် ထင်မိတယ်။ လက်တွေ့ မြေပြင်ကို ဆင်းလုပ်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ ဒီမြေတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းသိုလှောင်ရုံတွေ တည်ဆောက်ခဲ့ပြီး အခုအချိန်ထိ ပြန်မရလို့ ဆန္ဒပြခဲ့ကြတာ ၄ နှစ် ရှိပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024