Home
မေးမြန်းခန်း
တိုက်ပွဲကြောင့် ရှမ်းနှင့်ပလောင် ဆက်ဆံရေးပျက်ပြယ်သွားတယ် - စိုင်းဘုန်းခေါင်
နန်းမြနဒီ
·
January 12, 2017
တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့နဲ့ အာစီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းတို့ အကြား တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် ရှမ်းနဲ့တအာင်းပလောင် တိုင်းရင်းသားတွေကြား သံသယတွေပွားပြီး ဆက်ဆံရေး ပျက်ပြယ်ခဲ့ရတယ်လို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတခုဖြစ်တဲ့ ကော်တိုင်းအဖွဲ့ကပြောပါတယ်။ ရှမ်းနဲ့ တအာင်းပလောင်တိုင်းရင်းသားလူမျိုးတွေဟာ ရှေးနှစ်ပေါင်းများစွာ အေးအတူပူအမျှ တမြေတည်း အတူနေထိုင်လာခဲ့ကြတာဖြစ်လို့ တိုင်းရင်းသားအချင်းချင်းကြား ပြန်လည်ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ရှမ်းနဲ့ တအာင်းလူငယ်တွေကြိုးပမ်းနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းနဲ့တအာင်းယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်နေတဲ့ ကော်တိုင်း အဖွဲ့အစည်း တာဝန်ခံ စိုင်းဘုန်းခေါင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီကနေ့ ကျောက်မဲမြို့မှာ ရှမ်းနဲ့ တအာင်း တိုင်းရင်းသားကြား ယုံကြည်မှု တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲတရပ် ကျင်းပတယ်လို့ သိရပါတယ်။ ဘာအကြောင်းတွေ အဓိက ဆွေးနွေးကြတာပါလဲ။ “အဓိကကတော့ ရှမ်း နဲ့ တအာင်းတိုင်းရင်းသားတို့ကြား ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့ပါ။ ရှမ်းပြည်နယ်ထဲမှာ TNLA နဲ့ SSA/RCSS တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒေသခံ တိုင်းရင်းသားအချင်းချင်းကြား သံသယတွေ နဲ့ ဆက်ဆံရေးကြဲသွားတာ ကျနော်တို့ မြင်နေရတယ်။ ဥပမာ နမ္မတူမြို့နယ်ထဲမှာ ရွာသားတွေ ပစ်သတ်ခံရပြီးတဲ့နောက် တဘက်နဲ့တဘက် ၀င်ထွက်သွား လာတာ မရှိတော့ဘူး။ လူမှုကွန်ရက်တွေမှာလည်း တဘက်နဲ့တဘက် ရန်စောင်ရေးသားပြီး အမုန်းပွားနေတာတွေ့ရတယ်။ ဒါဟာ အနာဂတ်အတွက် အလွန်စိုးရိမ်စရာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် ထဲကလို ပဋိပက္ခတွေကြီးထွားလာမှာ စိုးတယ်။ ဒါကြောင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေး နည်းလမ်းရှာဖွေတာဖြစ်ပါတယ်။ ဒီကနေ့ကတော့ ဒေသထဲ ကွင်းဆင်းလေ့လာတဲ့အဖွဲ့က သူတို့ တွေ့ရှိချက်တွေကို ပြန်လည်တင်ပြကြတာ ဖြစ်ပါတယ်။” ဘယ်လိုနေရာတွေမှာ သွားပြီး ကွင်းဆင်းလေ့လာတာလဲ၊ သူတို့ပြန်ပြီး တင်ပြချက်တွေကို အကျဉ်းချုပ်ပြောပြပေးပါလား။ “ဟုတ်ကဲ့၊ ဒေသထဲကွင်းဆင်းပြီး အချက်အလက်ကောက်ဖို့ သင်တန်းတခုကို ဒီလ ၅ ရက်နေ့က ကျနော်တို့ နမ့်ခမ်းမှာလုပ်ခဲ့တယ်။ ပြီးတော့ အဖွဲ့ခွဲပြီး ကွင်းဆင်းကြတယ်၊ အဓိကက မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲနဲ့ မိုင်းရှူး စတဲ့ မြို့နယ် ၅ ခုမှာ ကောက်ယူဖို့ပါ။ ကွင်းဆင်းရာမှာ ရှမ်းလူငယ်နဲ့ TSYU တအာင်းကျောင်းသားနဲ့လူငယ်များအဖွဲ့က အဖွဲ့ဝင်တွေပါ ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒီကနေ့က တော့ နမ္မတူ၊ ကျောက်မဲနဲ့ မိုင်းရှူးမြို့နယ်ထဲ သွားရောက်ခဲ့တဲ့ အဖွဲ့က သူတို့တွေ့ရှိချက်တွေကို လာရောက်တင်ပြတာ ဖြစ်ပါတယ်။ မူဆယ် နဲ့ နမ့်ခမ်းက မပြီးသေးပါဘူး။” ဟုတ်ကဲ့၊ သူတို့ကွင်းဆင်းတော့ ဘယ်လိုအကြောင်းအရာ အချက်အလက်တွေ တွေ့ရှိပါသလဲ။ “ကျနော်တို့က ရှမ်းနဲ့ တအာင်းပလောင်လူမျိုးတွေရဲ့ ရှေးသမိုင်းကြောင်းတွေ ပြန်လေ့လာပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ဆိုပြီး ခေါင်းစဉ် ၅ ခုခွဲပြီး အချက်အလက်ကောက်ယူတယ်။ အကျဉ်းချုံးပြောရ ရင်တော့ အရင်တုန်းက ရှမ်းနဲ့ ပလောင်ကြား လူမျိုးတမျိုးနဲ့တမျိုး အနိုင်ကျင့်တာမရှိခဲ့ဘူး။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာပွဲတွေ အတူဆင်နွဲကြတယ်၊ ရိုင်းပင်းကူညီကြတယ်၊ တိုက်ပွဲဖြစ်ပြီး တဲ့နောက် တဘက်နဲ့တဘက် အ၀င်အထွက် သိပ်မလုပ်တော့ဘူး၊ ဆက်ဆံရေးတော်တော်ပျက်သွားတယ်၊ သာရေးနာရေးကိစ္စမှာ အားနာလို့ မကောင်းတတ်လို့ သွားလိုက်တာပဲရှိတယ်၊ တချို့ရွာဆို လုံးဝကို အဆက်အဆံမလုပ်တော့ဘူး၊ ရှမ်းရော ပလောင်ရော နှစ်ဖက်လုံးကတော့ တိုက်ပွဲဖြစ်တာ မလိုလားဘူး၊ လက်နက်ကိုင် အဖွဲ့တွေ မရှိစေချင်ဘူးလို့ ပြောတယ်။” ဒီကွင်းဆင်းလေ့လာထားတဲ့ အချက်အလက်တွေ ရပြီးတဲ့နောက် ဘာဆက်လုပ်မှာလဲ။ “အချက်အလက်တွေ စုစည်းပြီး ကျနော်တို့ အစီရင်ခံစာတစောင်ရေးပါမယ်။ လာမယ့် မတ်လကုန် အပြီးကောက်ဖို့ရှိပါတယ်။ ဒီကြားထဲ ရှမ်းနဲ့ပလောင် တိုင်းရင်းသားကြား ညီလာခံ ကွန်ဖရင့်တခုလုပ်ဖို့ ရှိတယ်၊ အစီရင်ခံစာနဲ့တကွ ဒေသခံတို့ပြောကြားချက် ဗွီဒီယိုဖိုင်တွေကို ကျနော်တို့ နိုင်ငံတော်အစိုးရ၊ တီအန်အယ်လ်အေ၊ ရှမ်းပြည်တပ်မတော် အာစီအက်စ်အက်စ်၊ အက်စ်အက်စ်ပီပီ တွေဆီပေးပို့မယ်၊ ပြီးတော့ လူမှုအခြေပြုအဖွဲ့အစည်း အားလုံးပါ တင်ပြသွားမှာ ဖြစ်ပါတယ်။” ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ငွေပုဂံခန်းမ မှာ ကျင်းပသွားတဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ရှမ်းနဲ့ တအာင်း ၂ ဘက်တိုင်းရင်းသားဆိုင်ရာ စာပေယဉ်ကျေးမှုအဖွဲ့၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ နိုင်ငံရေးပါတီ၊ ဗဟိုကော်မတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ စုစုပေါင်း လူတစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024