Home
မြန်မာသတင်း
ညောင်လေးပင်တွင် ကယ်ရီသမားအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူ ထွက်ပြေး
DVB
·
January 12, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ နယ် ဇန်န၀ါရီ ၁၁ ရက် ညနေ ၆ နာရီ ၃၀ လောက်က ဆိုင်ကယ်ကယ်ရီသမားကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူ ထွက်ပြေးမှုတခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်၊ မြို့မဈေး ဆိုင်ကယ်ကယ်ရီဂိတ်မှာ ဆိုင်ကယ်မောင်းနှင်သူ ကိုထိန်လင်းကို အမည်မသိလူတစ်ဦးက မဒေါက်မြို့ကို ကယ်ရီခ ၃၀၀၀ နဲ့ ငှားပြီး အင်းကပ္ပလိပ်ရွာထိပ်အဝင်လမ်းမှာ သံတုတ်လို့ ယူဆရတဲ့ အရာနဲ့ ရိုက်ပြီး (၅၁လ/ ၈၆၆၄၅) ကျောက် စိမ်းရောင်ဆိုင်ကယ်ကို လုယူမောင်းနှင်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ရိုက်လုခံရတဲ့ ကိုထိန်လင်းက “ကျနော့်ကို ဂိတ်ကနေငှားစီးသွားတာဗျ။ အင်းကပ္ပလိပ်ရွာနားရောက်တော့ အဲဒီကောင်က အပေါ့သွားမယ်ဆိုပြီး မြောင်းအောက်မှာထိုင်နေတယ်။ ကျနော်က ဆိုင်ကယ်စက်ကိုနှိုးပြီး စောင့်နေတာ။ နည်းနည်းလည်းကြာရော ဘာမှမပြောပဲ ကျနော့်ကို နောက်ကနေရိုက်ထည့်လိုက်တာ "ဘုန်း" ဆိုပြီး ကျနော်လည်း ပြုတ်အကျ၊ သူလည်း ဆိုင်ကယ်ယူပြီး မောင်းပြေးတာပဲမှတ်မိတယ်။ ခုတော့ ရန်ကုန်ဆေးရုံကြီး အရိုးနှင့်အာရုံကြော ဆေးရုံမှာရောက်နေတယ်။” ညောင်လေးပင်မြို့ ရဲမှူး ဦးကိုကိုကြီးက “ကျနော်တို့အနေနဲ့ အမှုဖွင့်ပြီးတော့ တရားခံကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်။ ပဲခူးခရိုင် - တောင်ငူခရိုင် တို့ကိုလည်း အကြောင်းကြားထားလိုက်ပါပြီ။ ပြည်သူတွေအနေနဲ့လည်း ဒီဆိုင်ကယ် နံပါတ် အမျိုးအစား ကို ပေါင်နှံတာတို့၊ ရောင်းချတာတို့ကိုတွေ့ရင် ဒီဖုန်းနံပါတ်တွေကို ( 095027757 /095054246/09428146399) ဆက်သွယ်ကူညီအကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ ဆိုင်ကယ်ကယ်ရီသမား တခြားတဦးကလည်း “ကျနော်တို့ ဘဝက လုပ်စားရတာ မလုံခြုံတော့ဘူးဗျ။ ညောင်လေးပင်မြို့မှာ ဒီလိုမျိုးရိုက်နှက်လုယူမှုတွေ မကြာခဏဆိုသလို ဖြစ်နေတယ်။ သေသွားတာလည်းရှိတယ်။ ဖမ်းမိတာလည်းရှိတယ်” လို့ ဒီဗွီကိုပြောပါတယ်။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့ မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၉၄ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက် (ညောင်လေးပင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024