ယမ်းထုတ်လုပ်ရာတွင် သုံးသည့်ဓာတုစ္စည်းများ လောက်ကိုင်မြို့နယ်၌ ဖမ်းမိ
DVB
·
January 12, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း ယမ်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ယမ်းတွေမြှုပ်ထားတဲ့ သတင်းရလို့ တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့တွေက ရှာဖွေရှင်းလင်းရာမှာ ဇန်န၀ါရီ ၁၁ ရက်က လောက်ကိုင်မြို့ရဲ့ အရှေ့ဘက် မြန်မာ-တရုတ် နယ်စပ်မှာ ယမ်းထုတ်လုပ်တဲ့ စက်ရုံ အဟောင်း ၁ လုံးနဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တာပါ။
အဆိုပါစက်ရုံအဟောင်းနဲ့ အဆောက်အဦတွေအနီး လျှိုစောင်းနေရာမြေကြီးအောက်မှာ အီမာရှင်း(ယမ်းညှင်း) Emulsion Explosive (LE) အချင်း ၁ ဒသမ ၂ လက်မ၊ အရှည် ၈ လက်မခန့်ရှိ နီညိုရောင် ယမ်းအတောင့် ၂၀ ပါ အိတ်အကောင်း ၁၂၀ ထုပ်နဲ့ အိတ်အပျက် ၃၀၀ ထုပ်ကိုတွေ့ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အီသနော ၅၀၀ မီလီလီတာပါ ပုလင်း ၄ လုံး၊ အမိုးနီးယားဆိုလူးရှင်း ၃၀၀ မီလီလီတာပါ ဗူး ၁ လုံး၊ ဆိုဒီယမ်ကလိုရိုက် ၅၀၀ ဂရမ်ပါ ဗူး ၁ လုံး၊ အမိုနီယမ်ကလိုရိုက် ၅၀၀ ဂရမ်ပါ ဗူး ၁ လုံး၊ ဟိုက်ဒရိုဂျနိတ်တက် တော်လိုဝါမင်း ၂၅ ကီလိုဂရမ်ပါ အိတ် ၃၇ အိတ် စတဲ့ ဓာတ်ခွဲခန်းသုံးဓာတု ပစ္စည်းတွေလည်း သိမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၀၉ ခုနှစ်က လောက်ကိုင်ဒေသမှာ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့က လက်နက်စက်ရုံနဲ့ မူးယစ်ဆေးဝါးစက်ရုံတွေ တည်ဆောက်ကာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖြန့်ဖြူးပြီး တရားမဝင် စီးပွားရှာခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။