Live
Home
မြန်မာသတင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ယန်ဟီးလီ မနက်ဖြန် ရခိုင်သွားမည်
နော်နိုရင်း
·
January 12, 2017
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းလေ့လာဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ်ခရီးကို သွားရောက်ဖို့ရှိနေပါတယ်။ မစ္စယန်ဟီးလီဟာ မနေ့တုန်းက မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ကျောက်ထုတ် အကျဉ်းစခန်းကို ပထမဆုံးအကြိမ် သွားရောက် လေ့လာပြီး အကျဉ်းသားတွေရဲ့ အခြေအနေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန်ရှိ ယူအန်ရုံးမှာပဲ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး မနက်ဖြန်မှာ ရခိုင်ပြည်နယ်ကိုသွားရောက်ဖို့ရှိတယ်လို့ ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကပြောပါတယ်။ “ဒီကနေ့ ဘယ်မှမသွားဘူး။ ရန်ကုန်ယူအန်ရုံးမှာပဲ သူအစည်းအဝေးတွေ လုပ်နေတယ်။ သံတမန်တွေနဲ့ပဲ တနေ့လုံးသူတွေ့နေတာ။ မနက်ဖြန်ကတော့ ရခိုင်သွားဖြစ်ဖို့များပါတယ်။” ရခိုင်ပြည်နယ်ခရီးစဉ်ပြီးတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မစ္စယန်ဟီးလီဟာ ဇန်န၀ါရီလ ၉ ရက်နဲ့ ၁၀ ရက်နေ့က ကချင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ခရစ်ယာန် နှစ်ခြင်းအသင်းတော်နဲ့ ကက်သလစ်အသင်းတော်က စစ်ရှောင် ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ သူ့ရဲကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာဒေသကို သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအရ အစိုးရက ခွင့်မပြုတဲ့အတွက် သွားခွင့်မရခဲ့ဘူးလို့လည်း ဦးအေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရဖက်က လုံခြုံရေးအကြောင်းပြတာပေါ့လေ။ လုံခြုံရေးကြောင့် သွားဖို့အဆင့်မပြေတာ ဖြစ်ခဲ့တယ်။” မစ္စယန်ဟီးလီရဲ့ ၅ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၂၀ ရက်နေ့အထိ ၁၂ရက်ကြာမြင့်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ထားပါတယ်။ မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ဒီခရီးစဉ်မှာ လေ့လာစုံစမ်းတွေ့ရှိချက်တွေကို လာမယ့် မတ်လ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွားဖို့ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024