ကျောက်တော်မဟာမုနိဘုရားကိုယ်ပေါ်မှ ရွှေထည်ပစ္စည်းတွေကို စတင်ခွာယူ
DVB
·
January 12, 2017
အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော် မဟာမုနိဘုရားပေါ်မှာ ရွှေသင်္ကန်းတွေ၊ ရွှေထည်ပစ္စည်းတွေကို ဒီကနေ့မနက် ၉ နာရီ ၄၅ မိနစ်မှာ စတင်ခွာယူနေပြီ ဖြစ်ပါတယ်။
အခုလို ဘုရားပေါ်က ရွှေသင်္ကန်းတွေကို ခွာယူရမှာ မန္တလေးရှေးဟောင်းသုတေသနအဖွဲ့က ရွှေခွာတဲ့ပညာရှင်ရဲ့ အကူအညီနဲ့ ခွာယူနေတာဖြစ်ပါတယ်။ ရွှေတွေခွာယူဖို့ ကြာမြင့်ချိန်ကတော့ ၇ ရက်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်သူထုတွေရဲ့ တောင်းဆိုမှုနဲ့ ရခိုင်ပြည်နယ်အစိုးရ အကူအညီတွေကြောင့် အခုလို ဘုရားခန္ဓာကိုယ်ပေါ်က ရွှေတွေခွာယူဖို့ ဇန်နဝါရီ ၁ ရက်နေ့က ဆုံးဖြတ်လိုက်ကြတာပါ။
ဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ လက်ဝတ်ရတနာတွေ၊ နားတောင်း ဝတ်ဆင်ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတာကြောင့် လက်မောင်းတော် ကြီးထွားလာတာ၊ ဗိုက်တွေ ဖောင်းလာတာ၊ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်နေတာပါ။
သတင်း - ဝဏ္ဏခွာညို၊၊ ဓာတ်ပုံ-အာကာစိုး