မုန်းမြို့နယ်တွင် မူးယစ်ဆေးများနှင့် သေနတ် ၁ လက် ဖမ်းမိ
DVB
·
January 11, 2017
ကျောက်ကြီးမြို့နယ် မုန်းနယ်မြေရဲစခန်းအပိုင်၊ တောပုကျေးရွာအုပ်စု ဆင်ဆိပ်ကျေးရွာမှာ မူးယစ်ဆေးဝါးတွေနဲ့ သေနတ်တလက် ဖမ်းဆီးရမိပါတယ်။
ဇန်န၀ါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေး သတင်းအရ ကျုံဒိုးနယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆင်ဆိပ်ရွာရှိ နေအိမ်တအိမ်ကို ပူးပေါင်းရှာဖွေရာ WY ဆေးပြား ၅၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရဲက ပြောပါတယ်။
ဖြစ်စဉ်မှာ ကိုဇော်ဝင်းထွန်းနေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဇနီးဖြစ်သူကိုသာ တွေ့ရပြီး ခြံအတွင်းရှိ စပါးကျီအတွင်းက စပါးအိတ်တွေထဲမှာ အဖြူရောင်ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ကာလတန်ဖိုးကျပ် ၄ သိန်းဖိုးလောက်ရှိ ဆေးခြောက်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၅၆၅၆၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း နှစ်ထောင်တို့ကို သိမ်းဆည်းရမိ ခဲ့ပါတယ်။
ဒါ့အပြင် နေအိမ်အပေါ်ထပ်ရှိ ဗီရိုပေါ်မှ လေသေနတ် ၁ လက်နဲ့ နှစ်ပင်လိမ် ပြောင်းတိုက်တံသံချောင်း အပါအဝင် အခြားငွေစက္ကူများတွေ ရှာဖွေသိမ်းဆည်းရမိ ခဲ့တယ်လို့ မုန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ သတင်းအရ ဝင်ရှာတာပေါ့။ အဲဒီမှာ ခြံထဲမှာရှိတဲ့ စပါးအိတ်တွေထဲက ဆီပုံးလိုပုံးနဲ့ ဆေးပြားတွေကို ထည့်ထားတာ။ အစကတော့ ဆီပုံးထင်တာ။ ဖွင်ပြီးကြည့်မှ အောက်ကနေ ဖောက်ပြီး ပြန်ကပ်ထားတာ။ အထဲမှာ ဆေးပြားတွေတွေ့တာဗျ။ ပြီးတော့ အိမ်ပေါ်ကို ဆက်ရှာတော့ လေသနတ်တလက် တွေ့တယ်။ နောက်ပြီး ငွေကြေးအချို့လည်း တွေ့ပါတယ်။"
မုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ မယ (ပ)၁/၂၀၁၇မှူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၀(က)/၂၁/၂၂ (ခ)တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ထွက်ပြေးလွတ်မြောက်နေသူ ကိုဇော်ဝင်းထွန်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)