အစိုးရ ပြန်ကြားရေးဝက်ဆိုက် ဆိုက်ဘာတိုက်ခိုက်ခံရ
DVB
·
January 10, 2017
အစိုးရပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာ Webportal ပြည်ပကနေ ဆိုက်ဘာ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ပြန်ကြားရေးက ဒီကနေ့ အတည်ပြုသတင်းထုတ်ပြန်ပါတယ်။
ဇန်န၀ါရီ ၇ရက် ည ၉နာရီခွဲလောက်ကစပြီး DDoS attack နဲ့ တိုက်ခိုက်ခဲ့လို့ နောက်တနေ့မနက်မှာ Webportal ကို ကြည့်ရှုလို့ မရတော့တဲ့အကြောင်း အဆိုပါ တိုက်ခိုက်မှုဟာ ပြည်ပ အခြေပြု IP နံပါတ်တွေနဲ့ အများဆုံး တိုက်ခိုက်ခဲ့တာကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
MPT Gateway အတွင်းသို့ ဝင်ရောက် လာတဲ့ အန္တရာယ်ရှိတဲ့ IP တွေကို ပိတ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၉ ရက်ညပိုင်းမှာ ပြန်ကြားရေးရဲ့ Webportal ဖြစ်တဲ့ www.moi.gov.mm ကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ပြည်ပနိုင်ငံများနှင့် Mobile ဖုန်းများမှ ကြည့်ရှု၍ မရသေးဘူးလို့ ပြန်ကြားရေးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။