Home
ဆောင်းပါး
နိုင်ငံရေးသတ္တိ
DVB
·
January 10, 2017
  ရန်ကုန်မှာရှိတဲ့ မထသနဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြေးဆွဲခွင့်မရှိတော့ကြောင်းနှင့် အဲ့ဒီနေ့မှာ မထသကို ဖျက်သိမ်းမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တဲ့သတင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်လိုက်ရတာမို့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူသားတဦးကို အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်ငြားပေမယ့်လည်း မြန်မာနိုင်ငံတဝှမ်းလုံးကတင်မက ကမ္ဘာကပါ အသိအမှတ်ပြု လေးစားခြင်း ခံထိုက်စေတဲ့ အရည်အချင်းတွေထဲမှာ နိုင်ငံရေးသတ္တိရှိခြင်းဆိုတာဟာ အဓိကဂုဏ်ပုဒ်တခုအဖြစ်နဲ့ ပါဝင်ပါတယ်။ ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ အများအကျိုးအတွက် စွန့်လွှတ်ရဲတဲ့စိတ်၊ ရိုးသားတည်ကြည်တဲ့စိတ် စတဲ့ ကြီးကျယ်မြင့်မြတ်တဲ့စိတ်တွေနဲ့ တန်းတူရည်တူ အဖိုးတန်တဲ့ အဲ့ဒီစိတ်ဓာတ်ကတော့ တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုးအတွက်ဆိုရင် မိမိကို အထင်လွဲမှာ၊ အကြည်ညိုနည်းမှာ ထောက်ခံမှုမရမှာကို မကြောက်မရွံ့ဘဲ မှန်ရာကို နိုင်ငံရေးသတ္တိရှိရှိ ပြောရဲဆိုရဲ လုပ်ကိုင်ရဲတဲ့ စိတ်ဓာတ်ပါပဲ။ ဟုတ်ပါတယ်။ ကမ္ဘာ့သမိုင်းတလျှောက်မှာကြည့်ကြည့်၊ မြန်မာနိုင်ငံသမိုင်းကိုပဲ လေ့လာလေ့လာ နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ အကြီးအကဲတွေ သန်းပေါင်းများစွာ ပေါ်ထွန်းခဲ့ဖူးပေမယ့် အဲ့ဒီလို နိုင်ငံရေးသတ္တိရှိတဲ့ နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်မျိုးဆိုတာ များများစားစား မပေါ်ထွန်းခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံဟာ အလွန်ကံထူးလို့သာ ရခဲ့တာလို့ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လူမသမာတွေရဲ့ လုပ်ကြံခံရပြီးတော့ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်ကနေ စစ်အာဏာရှင်တလျှောက်လုံးမှာ မြန်မာပြည်သူတွေ နိုင်ငံရေးစင်မြင့်ထက်မှာ မြင်ခဲ့ ကြုံခဲ့ကြတာက အာဏာငမ်းဖမ်းနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့အကျိုးထက် ကိုယ့်ထိုင်ခုံတည်မြဲရေး၊ မဲရရှိရေးအတွက် မရိုးသားတဲ့နည်းလမ်းတွေ သုံးတတ်တဲ့ ဒုဿီလနိုင်ငံရေးသမားတွေက အများစုပဲမဟုတ်လား။ တကယ်တော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ လောကကြီးထဲမှာ ဘယ်ခေတ်မှာမဆို နိုင်ငံရေးသမားကောင်းနဲ့ နိုင်ငံရေးသမားဆိုးဆိုတာ အမြဲရှိနေတာပါပဲ။ ခေတ်အဆက်ဆက်မှာ အဲ့ဒီလိုရှိခဲ့ဖူးတဲ့ နိုင်ငံရေးသမားဆိုးတွေကြောင့် ဒီကနေ့ခေတ်ထိအောင် နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ပတ် ညစ်ပတ်ကြတဲ့ ဇာတ်ခုံတခု နယ်ပယ်တခုလို အထင်လွဲနေခဲ့ကြတာ မဟုတ်လား။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ စစ်အာဏာရှင်တွေက နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီးလို၊ မပတ်သက်သင့်တဲ့ ကိစ္စတခုလို့ လူတွေမြင်လာအောင် သူတို့ မတရားသဖြင့် လုပ်တာတွေကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ၊ အတိုက်အခံတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ပြီး နိုင်ငံရေးသားကြောဖြတ်ခဲ့ကြတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ အတွေးအခေါ်အမှားတွေ ဝင်လာအောင် နိုင်ငံရေးသင်းသတ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာလည်း နိုင်ငံရေးသမားကောင်းတွေရှိသလို အခွင့်အရေးချောင်းနေတဲ့ စားဖားနိုင်ငံရေးသမားတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်က သူ့မိန့်ခွန်းထဲမှာ စားဖားနိုင်ငံရေးသမားတွေ ညီညွတ်တာ မလိုချင်ဘူးလို့ ဗြောင်ထုတ်ပြောခဲ့ရတာ မဟုတ်လား။ နောက်ပြီး နိုင်ငံရေးဆိုတာ “မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင်လုပ်တတ်တာဟာ နိုင်ငံရေးမဟုတ်ဘူး။ တိုင်းပြည်ကောင်းအောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်တယ်” လို့  ဗိုလ်ချုပ်က ဆိုခဲ့တာပါ။ “နိုင်ငံရေးဆိုတာဟာ … ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်လေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။  ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင်၊ မတွေးတောမိသေးကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။” လို့  ဗိုလ်ချုပ်က အလင်းပြခဲ့ပါသေးတယ်။ အင်္ဂလိပ်လို Politics လို့ခေါ်တဲ့ နိုင်ငံရေးဆိုတဲ့ စကားရပ်ဟာ Politikos ဆိုတဲ့ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပါတယ်။ ပိုလစ် (Polis) ဆိုတဲ့ ဂရိစကားဟာ အင်္ဂလိပ်ဘာသာစကား (City - State) မြို့ပြနိုင်ငံကို ဆိုလိုပါတယ်။ မြို့ပြနိုင်ငံသားဖြစ်မှု (Citizenship) လို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ မြို့ပြနိုင်ငံနဲ့ အဲ့ဒီမြို့ပြနိုင်ငံသားတွေရဲ့ အရေးအရာကိစ္စရပ်များကို စီမံဆောင်ရွက်ခြင်းသဘော၊ အဲ့ဒီလိုဆောင်ရွက်ခွင့် လုပ်ပိုင်ခွင့် အာဏာဆိုင်ရာ၊ အကြောင်းအရာ အတတ်ပညာနယ်ပယ်ကို ဂရိဘာသာစကားနဲ့ Politikos လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက နိုင်ငံရေးရဲ့ အဓိပ္ပာယ်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။ “နိုင်ငံရေးဆိုတာ အခုခေတ်မှာ နားလည်နေကြတာ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်ပြောတာကို နိုင်ငံရေးလို့ ထင်နေကြတယ်။ ဒါ နိုင်ငံရေး မဟုတ်ဘူးနော်။ နိုင်ငံရေးဆိုတာ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကောင်းစားရေး၊ ကြီးပွားတိုးတက်ရေး ဘယ်လိုလုပ်ရင် ကြီးပွားတိုးတက်နိုင်မလဲဆိုတဲ့ အရေးပဲ။” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်သူတွေ နိုင်ငံရေးရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်ကို ပိုမိုနားလည်ရှင်းလင်းအောင် အခုလို ပြောကြားခဲ့ပါတယ်။ "တချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီတွေ လုပ်တဲ့အလုပ်လို့ ထင်ကြတယ် .. မဟုတ်ပါဘူး.. တခါတုန်းက ဖေဖေ ပြောပါတယ်.. နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီရောက်လာလိမ့်မယ်.. ဒါကို ရှောင်လို့မရဘူး.. ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စမှန်သမျှဟာ နိုင်ငံရေးပဲ.. ရှောင်လို့မရဘူးနော်.. စီးပွားရေးဆိုတာလည်း နိုင်ငံရေးပဲ.. လူမှုရေးဆိုတာလည်း နိုင်ငံရေးပဲ.. ဘာမဆို နိုင်ငံရေးပဲ… ဒါကြောင့်မိုလို့ ပြည်သူလူထု နိုင်ငံရေးကျွမ်းကျင်မှ နိုင်ငံတိုးတက်မှာပါ။" လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာပြီဆိုရင် အာဏာရရေးသာ အဓိကထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးစားဖားတွေက မဲရအောင် မမှန်မကန်တဲ့နည်းလမ်းတွေ သုံးတတ်ကြတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကို အာဏာနိုင်ငံရေးမှာ ခုတုံးပြု  အသုံးချလာခဲ့ကြတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသတ္တိရှိရှိနဲ့ အောက်ပါအတိုင်း ပြောဆိုသတိပေးခဲ့တယ်။ “ယခု ဗမာပြည် ရွေးကောက်ပွဲနီးကပ်လာတာနဲ့ နိုင်ငံရေးသမားတွေက ဘုန်းတော်ကြီးများရဲ့ အနားကို ကပ်ချင်ကြတယ်။ နိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲနီးလာတဲ့အတွက် ဘုန်းတော်ကြီးများကို သတိရလာတယ်။ တပည့်တော်ကတော့ မကပ်ဘူး … ရှင်းရှင်းပဲ။” အဲ့ဒါအပြင်… ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်မယ့်သူတွေမှာ ရှိရမယ့် စိတ်ဓာတ်နဲ့ သတ္တိအကြောင်းကို “ခေါင်းဆောင်လုပ်တဲ့လူတွေဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို… တိုင်းသူပြည်သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမယ် … သုံးရမယ်။ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။” လို့ ဘွင်းဘွင်းကြီး ပြောသွားပါသေးတယ်။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင် စနစ်ဟောင်းကိုဖက်တွယ်ပြီး အပြောင်းအလဲကို မလိုက်ပါလိုတဲ့ စားဖားနိုင်ငံရေးသမားတွေ မှိုလိုထနေတဲ့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းမှာ တိုင်းပြည်အကျိုးနဲ့ ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်လိုတဲ့ နိုင်ငံရေးသမားကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေဆိုတာ နိုင်ငံရေးသတ္တိ၊ ဗျတ္တိနဲ့ ပြည့်စုံနေဖို့လိုတယ်။ တိုင်းပြည်ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရှုပ်နေတာတွေရှင်းဖို့ဆိုရင် ... ရှုပ်နေတာကို ရှုပ်နေတယ်လို့ မှန်မှန်ကန်ကန်မြင်ရဲဖို့ လိုသလို အဲ့ဒီအရှုပ်တွေကို ရှင်းလင်းပစ်ရဲတဲ့ နိုင်ငံရေးသတ္တိရှိမှသာ လောကတ္ထစရိယ ဆောင်ရွက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ပြောင်းလဲဖို့အတွက် လူပြိန်းကြိုက် နိုင်ငံရေးတွေနဲ့ နိုင်ငံရေးလုပ်စားမယ့် စားဖားနိုင်ငံရေးသမား၊ အာဏာမင်၊ မဲလိုချင်တဲ့ နိုင်ငံရေးသမားတွေ လျော့နည်းသွားပြီး နိုင်ငံရေးသတ္တိ ကြီးကြီးရှိတဲ့ နိုင်ငံရေးသမားတွေ များများပေါ်ထွန်းလာမှသာ မြန်မာနိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်နေမိပါတော့တယ်။ မင်းကောင်းချစ် ဇန္န၀ါရီလ (၉) ရက်နေ့ ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024