မိန်းကလေးများကို နမ်းပြီး ထွက်ပြေးသည့်ရုပ်သံ လွှင့်တင်သူကို ဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အမျိုးသားတဦးဟာ လူပုံအလယ်မှာ မိန်းကလေးတွေကို နမ်းပြီး ထွက်ပြေးတဲ့ ရုပ်သံဗွီဒီယိုဖိုင် လွှင့်တင်ခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့အပြီးမှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒေလီမြို့ လမ်းမတွေပေါ်မှာ ကြုံတွေ့ရတဲ့ မိန်းကလေးတွေအနီးကို လမ်းလျှောက်ကာ ချဉ်းကပ်ခဲ့ပြီး စကားစမြည်ပြောကာ အလစ်မှာ နမ်းပြီး ထွက်ပြေးခဲ့တာတွေကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဆူမစ်ဗာမာ အမည်ရတဲ့ အဲဒီလူငယ်အမျိုးသားဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အပျော်တမ်းရိုက်ကူးခဲ့ပြီး ဖျော်ဖြေမှုသက်သက်အတွက်ပဲဖြစ်ကာ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ဖော်ပြခဲ့ပေမယ့် ရဲတွေကတော့ လက်မခံခဲ့ပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ ရဲတွေဟာ ဒါကို စုံစမ်းစစ်ဆေးဖို့ ဖြစ်လာခဲ့တာလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ ဗာမာဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နှစ်သစ်ကူးညမတိုင်ခင်မှာ ယူကျုအင်တာနက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ ကြည့်ရှုသူတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြတာပါ။ ဒီရုပ်သံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက်မှာတော့ သူက အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြန်ဖျက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဗာမာနဲ့ သူ့ကို ကင်မရာနဲ့ မှတ်တမ်းတင်ပေးခဲ့သူကို အိမ်နီးချင်းတဦးရဲ့ နေအိမ်အတွင်းမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Crazy Sumit လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ယူကျုချန်နယ်မှာ ပုံမှန်ကြည့်ရှုသူ ၁ သိန်းခွဲလောက်ရှိပြီး ဒီရုပ်သံဗွီဒီယိုဖိုင်တွေကို အပျော်တမ်းရိုက်ကူးခဲ့ကာ ဖျော်ဖြေမှုသက်သက် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ဖော်ပြထားခဲ့တာပါ။ ရဲပြောရေးဆိုခွင့်ရသူတဦးဖြစ်တဲ့ ဒီပန်ဒရာ ပါသက်ခ်က “လူမှုကွန်ရက်မီဒီယာတွေပေါ်က ခုလို လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုကို တွန်းအားပေးတဲ့ ခုလိုပုံစံမျိုးတွေကို ကျနော်တွေ့ဖူးပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူကြိုက်များ နှစ်သက်မှုရစေတာ၊ အများပြည်သူကြား နာမည်ကြီးစေတာတွေအပြင် ငွေကြေးပိုင်းဆိုင်ရာ ရယူလိုမှုတွေလည်း ပါနေတတ်ပါတယ်” လို့ ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဒီအဖြစ်အပျက်ကို ရူးနှမ်းတဲ့၊ မရင့်ကျက်တဲ့ စိတ်ပျက်စရာကောင်းတဲ့သူအဖြစ် ဗာမာကို ဝေဖန်ခဲ့ကြတာပါ။ အိန္ဒိယနိုင်ငံမှာ ခုလိုပဲ ယူကျု အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ဖျော်ဖြေပေးနေတဲ့ ချန်နယ်တွေရှိပေမယ့် ဒါကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုအပြင် ဘယ်သူကမှ ဒါကို ဖျော်ဖြေရေးလို့ ရှုမြင်နိုင်လိမ့်မယ် မထင်ဘူးလို့ Trouble Seeker Team အမည်နဲ့ ယူကျု ချန်နယ်တခုက ဆိုပါတယ်။ “ဒါဟာ လိင်ပိုင်းဆိုင်ရာ ဗလက္ကာရပြုကျင့်မှုလို့ ရှင်းရှင်းလေးပြောနိုင်ပါတယ်” လို့ သူတို့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up