နိုင်ငံရေးအကျဉ်းသား ၉၀၀ စာရင်း ထုတ်ပြန်ရန်ရှိ
ရွှေအောင်
·
November 29, 2011
အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၉၀၀ ခန့် ရှိတဲ့အကြောင်း စာရင်းထုတ်ပြန်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပေးပို့ညှိနှိုင်းသွားမယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကွန်ရက်က ပြောပါတယ်။
[caption id="attachment_16292" align="alignright" width="300" caption="အင်းစိန်အကျဉ်းထောင်"][/caption]
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု ကွန်ရက်က ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းဟာ လက်ရှိ အကျဉ်းထောင်ထဲရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့လည်း ကွန်ရက်အဖွဲ့ဝင် ကိုတိုးကျော်လှိုင်က ပြောပါတယ်။
မကြာခင်က ထောင်အသီးသီးမှ လွတ်မြောက်လာသူတွေ၊ ဒေသခံတွေကို ဖုန်းအကြိမ်ပေါင်း ရာနဲ့ချီ ဆက်သွယ်မေးမြန်း စိစစ်ထားတယ်လို့ ဆိုပါတယ်။
အကျဉ်းသားစာရင်းပြုစုတဲ့နေရာမှာ ထောင်တာဝန်ရှိသူတွေကိုရော ဆက်သွယ်မေးမြန်း စုံစမ်းတာမျိုး ရှိ၊ မရှိဆိုတာနဲ့ပတ်သက်လို့ ကိုတိုးကျော်လှိုင်က ခုလို ပြောပါတယ်။
“ထောင်အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ရယူဖို့ကလည်း ခက်ပါတယ်ဗျ။ ထောင်အာဏာပိုင်ဘက်ကလည်းပဲ နိုင်ငံရေးအကျဉ်းသားကို ဘယ်လိုဥပဒေတွေနဲ့ အကျုံးဝင်တယ်ဆိုတာလည်း သူတို့သေချာ ပြောရခက်ပါလိမ့်မယ်။ တချို့ကျတော့လည်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ အဖမ်းခံရပေမယ့်လည်း နိုင်ငံရေးပုဒ်မ တပ်ထားခံရတာ မဟုတ်တာတွေလည်း ရှိပါတယ်။”
နိုင်ငံရေးအကျဉ်းသား ၉၀၀ စာရင်းကို ဒီအပတ်ထဲ ထုတ်ပြန်ဖို့ရှိပြီး လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနဲ့ အကျဉ်းသားလွတ်မြောက်ရေး ကွန်ရက်အဖွဲ့တို့ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
“လက်ရှိနိုင်ငံရေးအကျဉ်းသား စာရင်း။ ကျနော်တို့ စာရင်းက အန်အယ်လ်ဒီ စာရင်းနဲ့လည်း မတူဘူး။ အစိုးရရဲ့ စာရင်းနဲ့လည်း မတူဘူး။ အေအေပီပီ စာရင်းနဲ့လည်း မတူဘူး။ ကျနော်တို့ စာရင်းကတော့ အနီးစပ်ဆုံး ဖြစ်နိုင်တယ်။ သေသေချာချာလည်း လုပ်ထားပါတယ်။ ပြီးရင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနဲ့ ကျနော်တို့အဖွဲ့ တွေ့မယ်။ တွေ့ပြီးရင် ဒီစာရင်းအတိုင်းလေး တိုက်ပေးဖို့ရာ ကျနော်တို့ မေတ္တာရပ်ခံမယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စ စကားပြောမယ်ဆိုရင် ဒီစာရင်းကို ကိုင်ပြီးပြောဖို့ရာ ကျနော်တို့ ညှိမယ်ဗျ။”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့စာရင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၉၀ ခန့်၊ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ-ဘီရဲ့ စာရင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀၀ ကျော်ရှိပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြေညာချက်မှာတော့ နိုင်ငံရေးအကျဉ်းသား ၅၀၀ လောက်ပဲရှိပြီး အဲ့ဒီထဲက ၂ဝဝကျော် ပြန်လွှတ်ပေးပြီး ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။