အစားသောက်နှင့် ဆေးဝါး စစ်ဆေးအရေးယူရန် ၆ လတွင်း ဥပဒေ ရေးဆွဲမည်
DVB
·
January 10, 2017
အစားသောက်နဲ့ ဆေးဝါးစစ်ဆေးအရေးယူတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ၆ လအတွင်း ဥပဒေ ၄ ခု ရေးဆွဲသွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြောပါတယ်။
“ဥပဒေခိုင်မာမှုရှိမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာပါ။ အခုက လုပ်လို့မရသေးပါဘူး။ အဲဒီအတွက် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေ ၄ ခုကို ရေးဆွဲနေပါတယ်။ ညွှန်ကြားချက်အရ ၆ လအတွင်း အပြီးရေးဆွဲသွားမှာပါ” လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက် နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ ISO/IEC 17025:2005 ရရှိတဲ့အတွက် ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး