Home
မြန်မာသတင်း
လူရိုက်သတ်ပြီး ဆိုင်ကယ်လုယူသွားသူကို ၂ နာရီအတွင်း ဖမ်းမိ
DVB
·
January 10, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ သရက်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ်က စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပေါ်ခဲ့တယ်လို့ ညောင်လေးပင်မြို့ ရဲစခန်းက သိရပါတယ်။ သရက်ကုန်းကျေးရွာနဲ့ လေးအိမ်စုရွာအကြား ပဲခင်းထဲမှာ ဦးသောင်းစိန် (ခ) ဦးဂျပန် (အသက် ၇၀-နှစ်)ဟာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ညာမေးရိုးပေါက်ပြဲဒဏ်ရာ ၁ ချက် တို့နဲ့ မှောက်ရက်အနေအထား သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိပြီး သတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားလာတာကြောင့် မြို့မစခန်းမှူး ဒုရဲမှူးဇော်မိုးနဲ့အဖွဲ့က သက်သေများနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တာပါ။ ရှမ်းစုကျေးရွာ၊ ရှင့်မအူတန်းကျေးရွာကြား တံတားပေါ်မှာ မြင့်အေး (ခ) ကြက်ကန်း (၄၂-နှစ်) ကို မသကာင်္ဖွယ်တွေ့ရှိလို့ စစ်ဆေးမေးမြန်းရာက ဦးသောင်းစိန် (ခ) ဦးဂျပန်နဲ့ တွေ့ဆုံစဉ် စကားများ ရန်ဖြစ်ပြီး ဒေါသအလျှောက် အနီးအနားရှိ ဝါးတုတ်နဲ့ ရိုက်ခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။ ညောင်လေးပင်မြို့ ရဲမှူးဦးကိုကိုကြီးက “ကျနော်တို့ သတင်းရရချင်း စခန်းမှူးနဲ့ နယ်ထိန်းအဖွဲ့ကို အမြန်ဆုံး စေလွှတ်တယ်။ မိနစ်ပိုင်းအတွင်း အခင်းဖြစ်တဲ့နေရာကို ချက်ချင်းရောက်သွားတယ်။ သတင်းရရချင်း စစ်ဆေးနိုင်တယ်။ ဒါကြောင့်မို့ တရားခံ ထွက်ပြေးနိုင်တဲ့ မင်္သကာဖွယ်ရာ လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေပြီးတော့ အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျူးလွန်သူဟာ အရင်ကလည်း လူသတ်မှု၊ ခိုးမှုတွေနဲ့ ထောင်ကျခဲ့ဖူးတယ်လို့ ဒေသခံရွာသား ဦးစိုးဝင်းက ပြောပါတယ်။ “ အရင်ထဲက ခိုးဖူးတယ်။ ထောင်ထဲလည်း ဝင်လိုက် ထွက်လိုက် လုပ်နေတဲ့ကောင်။ လူသတ်မှုနဲ့လည်း အရင် ထောင်အနှစ် ၂၀ ကျဖူးတယ်။”လို့ ဆိုပါတယ်။ အဆိုပါအမှုနဲ့ပတ်သက်ပြီး မြင့်အေး(ခ)ကြက်ကန်းကို ညောင်လေးပင်မြို့ မြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024