ရွေးကောက်ပွဲတွင် ကျောင်းသားအုပ်စုအတွက် ၅ နေရာသတ်မှတ်ပေးမည်
ရွှေအောင်
·
November 29, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်တဲ့အခါ ကျောင်းသား ကိုယ်စားလှယ်ငါးဦးအတွက် မဲဆန္ဒနယ် ၅ နေရာပေးဖို့ လျာထားတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ကိုဖြိုးမင်းသိမ်းက “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အခြေအနေပေါ်မှာ ကျောင်းသားအုပ်စုတွေထဲကနေ ၅ နေရာသတ်မှတ်ပေးမယ်လို့ သူက ပြောကြားခဲ့ပါတယ်။”
ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေသစ်မှာ အားလုံးပူးပေါင်း ပါဝင်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က လမ်းဖွင့်ပေးလိုက်တာလို့လည်း ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေအပါအဝင် ဒီနေ့ချိန်ထိ နိုင်ငံ့အရေး ပါဝင်လှုပ်ရှား ဆောင်ရွက်နေကြတဲ့ ကျောင်းသားအားလုံးကို ဆိုလိုတာဖြစ်ပြီး ပါဝင်လိုသူတွေက နာမည်စာရင်း တင်ကြရမှာဖြစ်ပါတယ်။
အဲ့ဒီစာရင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီကိုတင်ပြပြီး ကော်မတီက ရွေးချယ်သွားမှာပါ။
၂၀၁၂ နှစ်ခု အစောပိုင်းမှာ ကျင်းပဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ် ၄၈ နေရာရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို ကိုးကားပြီး နိုင်ငံရေးပါတီတွေက ပြောပါတယ်။