အီရန်သမ္မတဟောင်း ရာ့ဖ်ဆန်ဂျာနီ ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးမှာ အခရာကျတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အီရန်သမ္မတဟောင်း အက္ကဘာ ဟာရှီမီ ရာ့ဖ်ဆန်ဂျာနီ (Akbar Hashemi Rafsanjani) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၈၂ နှစ်အရွယ် သမ္မတဟောင်း ရာ့ဖ်ဆန်ဂျာနီဟာ နှလုံးဖောက်ပြီး တီဟီရန်မြို့တော် ဆေးရုံတရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ရာ့ဖ်ဆန်ဂျာနီဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ အီရန်သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် အီရန်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့လို့ ရှေးရိုးစွဲ အီရန်ခေါင်းဆောင်တွေနဲ့ အမြင်သဘောထား ကွဲလွဲခဲ့တာပါ။ လက်ရှိ နိုင်ငံဦးသျှောင် ခါမေနီက သူနဲ့ အမြင်သဘောထားကွဲပေမယ့် ရာ့ဖ်ဆန်ဂျာနီဟာ အစ္စလာမ္မစ်တော်လှန်ရေးခေါင်းဆောင် ဖြစ်တယ်၊ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။ ရာ့ဖ်ဆန်ဂျာနီ ကွယ်လွန်ခဲ့တဲ့အတွက် အစိုးရက ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်လိုက်ပြီး ဈာပနအခမ်းအနား ကျင်းပမယ့် ဇန်နဝါရီ ၁၀ ရက်နေ့ကိုလည်း အစိုးရရုံးပိတ်ရက် သတ်မှတ်လိုက်ပါတယ်။ အစ္စလာမ္မစ်တော်လှန်ရေးဖခင်ကြီး အယာတိုလာ ခိုမေနီရဲ့ နေအိမ်ဟောင်းဖြစ်ခဲ့တဲ့ ဂျာမရမ် (Jamaran) ဝတ်ပြုခန်းမှာ ရာ့ဖ်ဆန်ဂျာနီရဲ့ ရုပ်ကလာပ်ကို ထားရှိပြီး ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေမျိုးတွေ နောက်ဆုံးဂါရဝပြု ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up