Home
မြန်မာသတင်း
မြန်မာလုပ်သားများအသတ်ခံရသည့်ရပ်ကွက်နေ မလေးရှားဒေသခံများ၏ပြောစကား (ရုပ်သံ)
DVB
·
January 9, 2017
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်နားက ဆာဒန်းအရပ်မှာ ဇန်န၀ါရီ ၅ ရက်ညပိုင်းက အလုပ်ဆင်းလို့ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေကို လူတစုက ဓားနဲ့ခုတ်တိုက်ခိုက်ခဲ့တဲ့အတွက် ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ ဆာဒန်းစက်မှုဇုန်အနီးနားမှာထိုင်ကြတဲ့ မလေးရှား ဒေသခံတွေကို မလေးရှား The Star သတင်းဌာနက သွားရောက်မေးမြန်းရာမှာ ဒီနေရာဟာ နိုင်ငံခြားသားအလုပ်သမားတွေ အများအပြားရှိပြီး အများစုဟာ ဥပဒေလိုက်နာကြသူတွေ ဖြစ်ကြတယ်လို့ ပြောကြပါတယ်။ အနားက စက်ရုံတခုမှာ နှစ်ပေါင်း ၂၀ လောက် အလုပ်လုပ်နေတဲ့ အသက် ၄၀ အရွယ် မလေးရှားအမျိုးသမီး ဖီဖိုင်တန်က “ကျမတို့နေရာမှာ မြန်မာအလုပ်သမားတွေ နေ့တိုင်းလမ်း လျှာက်သွားနေတာ ကျမတို့တွေ့ရမှာပါ။ သူတို့ဟာ ဘယ်တော့မှ ဘာပြသနာမှမဖြစ်စေပါဘူး။ လူသတ်သမားတွေကို ရဲက အမြန်ဆုံးရှာဖွေတွေ့လိမ့်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ ဆာဒန်းရဲစခန်းက လက်ထောက် အရာရှိ လီဝေလျောင်းကတော့ ပြစ်မှုကျူးလွန်သူတွေဟာ ကား၂စီးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်းနဲ့ ဘာကြောင့်တိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးေ နတယ်လို့ ပြောပါတယ်။ ဒီနေရာတ၀ိုက်မှာ အလုပ်လုပ်နေတာ ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့ ကော်ဖီဆိုင်က အလုပ်သမား တဦးကတော့ ဒီနေရာဟာ အမြဲတမ်းအေးချမ်းတဲ့ နေရာဖြစ်တယ် ဒါပေမယ့်လွန်ခဲ့တဲ့ ၂ ရက် လောက်ကတော့ အရောင်းအ၀ယ် အေးပြီးကျသွားတယ်လို့ ပြောပါတယ်။ မလေးရှားမှာ ၁၃ နှစ်လောက်အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတဦးကတော့ သူတို့ဟာ ဘာပြသနာမှမဖြစ်စေတာမို့လို့ ဘာမှ ကြောက်စရာမရှိဘူးလို့ပြောပါတယ်။ ကုန်တင်ကားမောင်းသမားတဦးကတော့ တိုက်ခိုက်မှုဖြစ်ပြီးနောက်သူနဲ့ အပေါင်းအသင်းတွေ ဒီအနီးနားပတ်ဝန်းကျင်မှာ ပိုပြီး သတိထားနေရတယ်လို့ပြောပါတယ်။ ဆာဒန်းစက်မှုဇုန်ရှိတဲ့နေရာဟာ ကားဝပ်ရှော့တွေနဲ့ အငယ်စား စက်ရုံးသေးလေးတွေရှိတဲ့ အေးချမ်းတဲ့နေရာတခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ဒီနေရာမှာ အကြမ်းဖက်မှု ပထမဆုံး ကြားဖူးတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာအလုပ်သမား ၅ ဦး ဓားနဲ့ဝိုင်းခုတ်ခံရလို့ သေဆုံးတာနဲ့ပက်သက်ပြီး မြန်မာသံရုံးက လည်းစုံစမ်းနေပါတယ်။ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းကတော့ တရားခံတွေ ဖမ်းဆီးရမိရေး အတွက် မလေးရှားရဲတပ်ဖွဲ့က သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပေမယ့် အခင်းဖြစ်ပွါးချိန်က ညအမှောင်ထဲမှာမို့ တိုက်ခိုက်သူတွေကို ဘယ်သူမှ မမှတ်မိတဲ့အတွက် ဖမ်းမိဖို့ အခက်အခဲရှိ တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ မလေးရှားမြန်မာသံရုံးက ရဲစခန်းကို နေ့စဉ်လိုသွားရောက်မေးမြန်းပြီး လိုအပ်သလို ကူညီပေးနေကြောင်း၊ အခုလိုထိတ်လန့်စရာ ဖြစ်ပေါ်ခဲ့ပေမယ့်လည်း မလေးရှားရဲတွေက လုံခြုံရေးတိုးမြှင့်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ပုံမှန်အလုပ်ဆင်းနိုင်တယ်လို့ ဦးဆန်းဝင်း က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024