ရန်ကုန်မြို့တွင် ခုံးကျော်တံတားလေးခု လေးလအတွင်း အပြီးတည်ဆောက်မည်
ရွှေအောင်
·
November 28, 2011
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ လှည်းတန်းလမ်းဆုံ၊ တာမွေက တာမွေအဝိုင်းထိပ်လမ်းဆုံ၊ ဗဟန်းမြို့နယ်ထဲက ရွှေဂုံတိုင်လမ်းဆုံနဲ့ အင်းစိန်မြို့နယ်က ဘုရင့်နောင်လမ်းဆုံတွေမှာ ခုံးကျော်တံတားတွေ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
[caption id="attachment_18329" align="alignright" width="300" caption="ကမာရွတ်၊ လှည်းတန်းလမ်းဆုံအနီး ကားများ ပိတ်ဆို့နေပုံ"][/caption]
နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာလုပ်တဲ့ ဝန်ကြီးဌာနသုံးခုနဲ့ ပြည်တွင်းမီဒီယာတွေ တွေ့ဆုံပွဲမှာ စက်မှုနှစ်ဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်တာလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။
အခုလို ခုံးကျော်တံတားတွေ တည်ဆောက်ဖို့လုပ်တာဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က “ဒီကိစ္စက ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ ဘယ်မြို့မှာပဲဖြစ်ဖြစ် တကယ်လို့ ကားကများပြီးလို့ ကျပ်လာတယ်ဆိုရင် တခါတလေကျတော့ ဖြတ်တဲ့နေရာမှာ စောင့်နေရတာတွေ ရှောင်ရှားဖို့အတွက် ခုံးကျော်တံတား ဆောက်ကြတာပေါ့။ ကမာရွတ်၊ ရွှေဂုံတိုင်၊ တာမွေ စသည်ဖြင့် သုံးနေရာလောက်ကတော့ တကယ်ကို အရေးတကြီး လိုနေပါတယ်။ အထူးသဖြင့်ကတော့ ရန်ကုန် မြောက်ဘက်နဲ့ တောင်ဘက် ဆက်တဲ့ပြည်လမ်းပေါ့။ ပြည်လမ်းက ကမာရွတ်နေရာ တည့်တည့်မှာ အဲဒီနားမှာက လမ်းငါးခု ဆုံနေတာပါ။ အဲတော့ ခုံးကျော်တံတားရှိတယ်ဆိုရင် မြောက်ဘက် တောင်ဘက်ကို သွားနေတဲ့ ယာဉ်တွေက မြန်မြန်ဆန်ဆန် ရောက်သွားမှာပေါ့။ အခုနေ အဲဒီလမ်းကို သွားရတာက တော်တော်ကြာတယ်။ မင်္ဂလာဒုံ လေဆိပ်ကနေပြီးတော့ မြို့ထဲကိုရောက်ဖို့ တနာရီလောက် မောင်းရတယ်။ ခုံးကျော်တံတား ရှိရင်တော့ မြန်လာမှာပေါ့” လို့ ပြောပါတယ်။
လောလောဆယ် အခုနှစ် မိုးရွာသွန်းမှု အဆက်မပြတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်းလမ်းတွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတာ ဦးစားပေးပြင်ဆင်သင့်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်သူလူဦးရေပေါင်း ငါးသန်းလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး နေ့စဉ်သိန်းနဲ့ချီတဲ့ မြို့ခံတွေ မြို့ထဲနဲ့ မြို့လယ်ကို ခရီးသည်တင် ဘတ်စ်စကားတွေ စီးနင်းသွားလာနေကြတာ ဖြစ်ပါတယ်။