မီးသင့်မင်္ဂလာဈေး အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြ
အာကာ
·
January 9, 2017
ရန်ကုန်မြို့က မီးသင့်မင်္ဂလာဈေးကို အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရေးအတွက် မင်္ဂလာဈေးက ဈေးသူ/ဈေးသား ၄၀၀ လောက် ဇန်နဝါရီလ ၉ ရက်နေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပြီး မင်္ဂလာဈေး အမြန်ဆုံး ပြန်လည်တည်ဆောက် ပေးရေး၊ အထပ်မြင့်မဆောက်လုပ်ရေး၊ ဈေးပေါ်အမြန်ရောင်းချနိုင်ရေး၊ ဈေးကိုယ်စားလှယ်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးခေါ်ယူတွေ့ဆုံပေးရေးတို့ကို ကြွေးကြော်ခဲ့ကြပါတယ်။
မင်္ဂလာဈေးက ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်မြတ်ကြူက `မီးလောင်တာ တစ်နှစ်ပြည့်ပြီ။ ခုထိ ဘယ်တော့ တည်ဆောက်မယ်ဆိုတာ မသိရသေးဘူး။
ဆိုင်ခန်း ဌားခ တွေက အခု တစ်နှစ် ပြည့်ပြီးလို့ ဒုတိယနှစ် ငှားမယ်ဆိုတော့ ၂ဆ တက်သွားတယ်။
မနှစ်က တခန်း၂၅သိန်း/သိန်း၃၀ လောက်ကနေ ခု သိန်း၅၀/၆၀ ဖြစ်နေပြီး၏ အဲဒီ့အတွက် အမြန်တည်ဆောက်ပေးဖို့နဲ့ တည်ဆောက်ဆဲကြားကာလမှာ ယာယီဈေး သတ်မှတ်နေရာ ချပေးဖို့ ဆန္ဒဖော်ထုတ် တောင်းဆိုတာပါ´လို့ ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဟာ ၂၀၁၆ ဇန်နဝါရီ ၉ ရက်နေ့က ဒုတိယအကြိမ် မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော် မီးသင့်ခဲ့ပါတယ်။