ကေအိုင်အေစခန်းများကို တပ်မတော်က ထပ်မံသိမ်းပိုက်၊ နှစ်ဖက်ထိခိုက်သေဆုံး
DVB
·
January 9, 2017
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အေရဲ့ လိုင်ဖောင်တပ်စခန်းအနီးရှိ စခန်းတွေကို တပ်မတော်စစ်ကြောင်းတွေက မနေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပွိုင့် ၇၆၈ စခန်းရဲ့ အရှေ့တောင်ဘက် မီတာ ၅၅၀၀ အကွာမှာရှိတဲ့ ကေအိုင်အေ ခေတ္တ အခြေပြုထားတဲ့ စခန်းတွေကို မနေ့ မနက်ပိုင်းကစလို့ လေကြောင်း၊ အမြောက်နဲ့ လက်နက်ကြီး ပစ်ကူတွေ ရယူတိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းမှာ စခန်း ၄ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲတွေမှာ ကေအိုင်အေဘက်က ၇ ဦးသေပြီး တပ်မတော်ဘက်ကလည်း သေဆုံး ဒဏ်ရာရမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ၆၀မမစိန်ပြောင်း ၃ လက်၊ ၄၀ မမ ဒုံးပစ် လောင်ချာ ၁ လက်နဲ့ အမ် ၂၁ သေနတ် ၁ လက်အပါအ၀င် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ၀ိုင်းမော်မြို့နယ်ရှိ ကေအိုင်အေရဲ့ အမာခံစခန်းတခုဖြစ်တဲ့ လိုင်ဖောင်စခန်းကို တပ်မတော်စစ်ကြောင်းတွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်း ယူပြီးနောက် အနီးနားကစခန်းတွေကို ထပ်မံတိုက်ခိုက်လာတာဖြစ်ပါတယ်။