ထိုင်းနိုင်ငံအလံကို ဆွဲဖြုတ်ချပြီး နင်းခဲ့သူ နိုင်ငံခြားသား ၂ ဦးကို ထိုင်းရဲရှာဖွေ (ရုပ်သံ)

ထိုင်းနိုင်ငံ ကရာဘိမြို့လယ်ခေါင်မှာ ထိုင်းနိုင်ငံတော်အလံကို ဖြုတ်ချပြီး မြေကြီးပေါ်ချကာ နင်းဖြတ်လျှောက်ခဲ့ကြတဲ့ အမည်အသိ နိုင်ငံခြားသား ၂ ဦးကို ရဲတွေက ရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီနိုင်ငံခြားသား ၂ ဦးဟာ ဇန်နဝါရီ ၇ ရက် ညနေ ၃ နာရီခွဲလောက်က ကရာဘိမြို့ ဈေးဆိုင်တဆိုင်ရှေ့မှာ ခင်းကျင်းချိတ်ဆွဲထားတဲ့ နိုင်ငံတော်အလံတွေကို ဆွဲဖြုတ်ချကာ မြေကြီးပေါ် ချနင်းခဲ့ကြတာပါ။ ထိုင်းနိုင်ငံမြေပေါ်မှာ ခုလိုကျူးလွန်တဲ့အမှုဟာ ထောင်ဒဏ် ၂ နှစ်ထိ ကျခံရမယ့် ပြစ်မှုမြောက် ကျူးလွန်မှုဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို အနီးနား ပိုးထည်ဆိုင်တဆိုင်ပြင်ပမှာ တပ်ဆင်ထားခဲ့တဲ့ စီစီတီဗွီ ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆိုင်တန်းတွေကြား လမ်းလျှောက်လာခဲ့တဲ့ နိုင်ငံခြားသား အမျိုးသား ၂ ဦးထဲက ၁ ဦးဟာ ဆိုင်အနီးရောက်ချိန်မှာ အလံတခုကို စတင်ဆွဲဆုတ်ဖြုတ်ချခဲ့တာ တွေ့ရပါတယ်။ သူ့ထက်အရပ်နည်းနည်းနိမ့်တဲ့ နောက်တဦးကတော့ ဆွဲချဖြုတ်ယူခဲ့တဲ့ အလံတွေပေါ်ကို ဖြတ်လျှောက်နင်းပြခဲ့ပြီး ၅ ခုမြောက်အလံကို ဆွဲဖြုတ်မချခင်မှာ ရုပ်သံမြင်ကွင်းထဲကနေ ပျောက်သွားခဲ့ပါတယ်။ ဆန်နီပိုးထည်ဆိုင်ပိုင်ရှင် အသက် ၆၅ နှစ်အရွယ် ဝပ်ထနာ ဆာရာနာ့တ်က ဒီလူတွေရဲ့ အပြုအမူကို စိတ်ပျက်မိတယ်လို့ ရဲတွေကို ပြောပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းအင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဒါကို အရေးယူပေးဖို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာပါ။ ကရာဘိခရိုင် ရဲချုပ် ဆန့်ဂေါ့ ချန်ဆင်ဂါးက နိုင်ငံတော်အလံ၊ ဒါမှမဟုတ် နိုင်ငံတော်တံဆိပ် သင်္ကေတ တခုခုကို ပျက်စီးစေရန်အလို့ငှာ ဖျက်ဆီးတာဟာ ရာဇဝတ်ပြစ်မှုဆိုင်ရာပုဒ်မ ၁၁၈ အောက်မှာ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ထောင်ဒဏ်နဲ့ ဒဏ်ကြေးငွေ ဘတ် ၄၀၀၀၊ ၂ ခုလုံးဖြစ်စေ ကျခံရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအမျိုးသား ၂ ဦးရဲ့ ပြစ်မှုကျူးလွန်ပုံ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ် ရုပ်သံသတင်းက ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ မျှဝေထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up