Homeမြန်မာသတင်း
ကျီးကန်ပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဖမ်းမိ
ကျီးကန်ပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဖမ်းမိ
DVB
·
January 8, 2017
ကျီးကန်ပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ ငွေကြေးထောက်ပံ့သူ ၁ ဦးအပါဝင် အကြမ်းဖက်တိုက်ခိုက်သူ ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ကျီးကန်ပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်သူတွေ မြစ်နားကျေးရွာမှာ ခိုအောင်းနေကြောင်း သတင်းအရ ဇန်န၀ါရီ ၇ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ရှာဖွေစစ်ဆေးစဉ် ဘော်နီအာမီ(ဘ) မိုနီဇာမာကို နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ဘော်နီအာမီကို စစ်ဆေးချက်အရ တရွာတည်းနေ မာမောက်ဖွေရာ(ဘ) နာဇီအာမောက်လည်း ဖြစ်စဉ်မှာပါဝင်တယ်လို့ သိရတာကြောင့် မာမောက်ဖွေရာအား နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ငွေကြေးထောက်ပံ့ပေးသူ ဆေးအိုးပြင်ကျေးရွာနေ အဒူလာကိန်း(ဘ)အဒူဆော်လန်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၇ ရက်နေ့မနက်ပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ တောင်ပြိုလက်ဝဲမြို့ အမှတ် ၂ ရပ်ကွက် တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြို့အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ကြက်ရိုးပြင်ကျေးရွာနေ မသင်္ကာဖွယ် မာမတ်ရော်ဖီး(ဘ)နိုဇူမျာကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေထံ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။