ဘဏ်အတု တည်ထောင်သည့် တရုတ်လူမျိုးများကို လိမ်လည်မှုဖြင့် ထောင်ဒဏ်ချမှတ်

ဘဏ်အတုကတစ်ဆင့် ဘဏ်သုံးစွဲသူတွေရဲ့ စုဆောင်းငွေကြေးတွေကို လိမ်လည်ယူခဲ့တဲ့ အမျိုးသား ၂ ဦးကို တရုတ်နိုင်ငံ နန်ဂျင်းမြို့တရားရုံးမှ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ မျိုးရိုးအမည် ဇန်နဲ့ဟီလို့ ခေါ်တဲ့ အမျိုးသားနဲ့ နောက်အမျိုးသား တဦးဟာ ဘဏ်သုံးစွဲသူ ၄၀၀ ထံမှ ၄၃၅ မီလျံယွမ်ငွေ (၅၁ မီလျံပေါင်/၆၃ မီလျံဒေါ်လာ) ပမာဏရှိတဲ့ ငွေတွေကို လိမ်လည်ယူခဲ့တာလို့ ဇန်န၀ါရီ ၆ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဒုတိအကြိမ် တရားရုံးကြားနာချိန်မှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပြီး၊ ဘဏ်အတု တည်ထောင်သူ ၂ ဦးကို ထောင်ဒဏ် ၉ နှစ်၊ ၉ နှစ်နဲ့၆ လ စီ အသီးသီး ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီဘဏ်အတုက နိုင်ငံတော်ပိုင် ဘဏ်နဲ့  ပူးပေါင်းလုပ်ဆောင်သလို ပုံစံမျိုး လုပ်ဆောင်ထားတာပါ။ ဘဏ်မှာ ငွေကိုင်ရဲ့ကောင်တာ၊ တူညီဝတ်စုံ ဝတ်ဆင်ထားတဲ့ စာရေးတွေနဲ့ ငွေစလစ်ပြားတွေကအစ တူညီနေတာလို့ သိရပါတယ်။ မန်ဇင်းကျေးလက် စီးပွားရေးနဲ့ သတင်းအချက်အလက်ပိုင်းဆိုင်ရာ သက်မွေးဝမ်းကျောင်း ကော်ပိုးရေးရှင်းကို စိုက်ပျိုးရေးဆိုင်ရာ အကြံပေးအဖွဲ့အနေနဲ့ ၂၀၁၂ ခုမှာ စတင်တည်ထောင်ခဲ့တာလို့ပီးပဲလ်ဒေးလီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံငွေတွေအပေါ်မှာ ဒီလိုအတိုးနှုန်းပေးဖို့ တရားမဝင်ပေမယ့် ဘဏ်တည်ထောင်သူတွေဟာ သူတို့ရဲ့ဘဏ်မှာ ငွေစုဆောင်းသူတွေကို စိတ်ဝင်စားဖွယ် အတိုးနှုန်းတွေနဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ကြော်ငြာခဲ့တာပါ။ ဘဏ်တည်ထောင်သူ ၂ ဦးထဲမှ တစ်ဦးဖြစ်တဲ့ ဟီဟာ ယခင်က နိုင်ငံတော်ပိုင်ဘဏ်မှာ လုပ်ဆောင်ခဲ့ပြီး ဘဏ်ရဲ့စံနှုန်းအတိုင်း ဝန်ထမ်းတွေကို သင်တန်းတွေ ပေးခဲ့တာပါ။ အဲဒီဘဏ်မှာ ယခင်က အလုပ်လုပ်ခဲ့သူ မျိုးရိုးအမည် ဆောင်းလို့ခေါ်တဲ့သူက သူတို့တွေကို ဘဏ်သုံးစွဲသူတွေက သူတို့ငွေတွေကို မလိမ်ဖို့ မေးမြန်းခဲ့တာတွေ ရှိတယ်လို့ ပြောကြားခဲ့တာကို သတင်းစာထဲမှာ ဖော်ပြရေးသားထားပါတယ်။ “ဘဏ်မှာ ငွေစုဆောင်းသူတွေက ကျနော်တို့တွေရဲ့ ကော်ပရေးရှင်းအကြောင်း ကျနော်တို့ စီးပွားရေးလုပ်ငန်းရဲ့ ဖြစ်နိုင်ချေ၊ ကျနော်တို့ရဲ့အရင်းအနှီးစတာတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မေးပါတယ် ကျနော်တို့က ကျနော်တို့မသိဘူး ကျနော်တို့ရဲ့ အလုပ်ရှင်တွေဆီမှာ လုပ်ငန်းလိုင်စင်တွေ ရှိတယ်ဆိုပြီး မရှင်းမလင်း ဖြေကြားခဲ့ပါတယ်။ အကယ်၍ ကျနော်တို့ရဲ့ ကော်ပိုရေးရှင်းလုပ်ငန်းက ဘဏ်တစ်ခုလားလို့ မေးခဲ့ရင်လည်း ဘဏ်လိုမျိုးပါပဲလို့ ကျနော်တို့က ဖြေမှာပါ။ ကျနော်တို့ ဘဏ်တည်ထောင်သူ ၂ ဦးထဲက တစ်ဦးဖြစ်သူ ဟီကလည်း ဒီလိုပဲ ပြန်လည် ဖြေကြားဖို့ ပြောထားတယ်” လို့ မစ္စတာ ဆောင်းက ပြောပါတယ်။ စီးပွားရေးသမားတစ်ဦးကို ဘဏ်က ကတိပြုထားတဲ့အတိုင်း အတိုးနှုန်းမပေးတဲ့အခါ ၂၀၁၄ ခုနှစ်မှာ ရဲစခန်းကို သွားပြီး အကြောင်းကြားခဲ့လို့ ဒီကော်ပရေးရှင်းရဲ့ တရားမဝင် လုပ်ဆောင်ချက်တွေကို နောက်ဆုံး သိလိုက်ရတာဖြစ်ပြီး အဲဒီကိစ္စကို သေသေချာချာ စုံစမ်းဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စားသောက်ကုန်အတုတွေ ကုန်ပစ္စည်းအတုတွေ ထုတ်လုပ်ခဲ့ပြီး ဒီလို ဘဏ်အတုဆိုတဲ့ သတင်းကတော့ တရုတ်နိုင်ငံမှာ ပထဦးဆုံးဖြစ်ခဲ့လို့ လူတော်တော်များများက အံ့သြထိတ်လန့်နေကြပါတယ်။ စုံစမ်းမှုတွေမရှိဘဲ ဘဏ်အတုက အချိန်အကြာကြီး လုပ်ဆောင်နိုင်ခဲ့တာနဲ့ ဒီရာဇဝတ်မှုလုပ်ရဲတာကို လူတော်တော်များများက မှတ်ချက်တွေ ပေးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up