အက်ဖ်အေဖလားတွင် မန်စီးတီးက ၀က်စ်ဟမ်းကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ မန်စီးတီးက ၀က်စ်ဟမ်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူသွားပါတယ်။ အက်ဖ်ဖလား ပြိုင်ပွဲမှာ  မန်စီးတီး နည်းပြ ဂွါဒီယိုလာအတွက် ပထမဆုံး ပွဲဦးထွက်အနေနဲ့ ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အဝေးကွင်း ဖြစ်ပေမယ့်လည်း ပထမပိုင်းမှာတင် ယာယာတိုရေး၊ ဆေးဗားနဲ့ ၀က်စ်ဟမ်းကစားသမား နော့ဗိုက် ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးတွေနဲ့ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ၁၈ ကြိမ်အထိ ရခဲ့ပါတယ်။ စတုတ္ထဂိုးကို တိုက်စစ်မှူး အဂူရို၊ နောက်ဆုံးဂိုးကို စတုန်းစ်တို့က သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို မန်စီးတီး ကွင်းလယ်သမား ဆေးဗားက ရရှိသွားပါတယ်။ ၀က်စ်ဟမ်းအသင်းအတွက်တော့  အိမ်ကွင်းမှာ ကစားတဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ၀က်စ်ဟမ်း နည်းပြ ဘီလစ်ကတော့ ပထမဂိုး ဖြစ်တဲ့ ပင်နယ်တီ ပေးလိုက်ရပြီး နောက်ပိုင်းမှာ ပွဲစဉ်ဟာ ပြောင်းလဲသွားခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up