Home
မြန်မာသတင်း
မလေးရှားသင်္ဘော မြန်မာပြည်လာမည့်အစီအစဉ် ရက်ရွှေ့ဆိုင်း
DVB
·
January 6, 2017
ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် စားနပ်ရိက္ခာတွေ တင်ဆောင်လာမယ့် မလေးရှား ကူညီထောက်ပံ့ရေးသင်္ဘော မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ မလေးရှား Bernama သတင်းမှာ ဖော်ပြပါတယ်။ မူလက ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မလေးရှားနိုင်ငံ ဆိပ်ကမ်းကနေ သင်္ဘောထွက်ခွာလာဖို့ စီစဉ်ထားတာဖြစ်ပြီး သံတမန်ရေးဆိုင်ရာ အခက်အခဲပြဿနာတွေကြောင့် ဇန်န၀ါရီ ၃၁ ရက်ကို ရွှေ့ဆိုင်းလိုက်တာလို့ သတင်းက ဆိုပါတယ်။ မြန်မာရဲ့ အချုပ်အခြာအာဏာနဲ့ ဥပဒေကို လေးစားလိုက်ဖို့နဲ့ မြန်မာအစိုးရဆီက ခွင့်ပြုချက်ရဖို့ ရက် ရွှေ့ဆိုင်းလိုက်တာလို့ ဒီခရီးစဉ်ကို မလေးရှားမွတ်စလင်အဖွဲ့များအတိုင်ပံခံကောင်စီအဖွဲ့နဲ့ ပူးပေါင်းစီစဉ်တဲ့ KP1M အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဗ္ဗဒူအဇစ်အဗ္ဗဒူရာဟင်က မလေးရှားသတင်းဌာနကို ပြောပါတယ်။ မလေးရှားကယ်ဆယ်ရေးသင်္ဘောအနေနဲ့ မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ ခွင့်ပြုချက်မရရင် မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းကို သွားမယ်လို့ အစီအစဉ်ညှိနှိုင်းဆောင်ရွက်သူ မိုဟာမက် ဟာခင်မ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောထားပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့ စစ်တွေဆိပ်ကမ်းကို ကျနော်တို့ဝင်လို့ မရရင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ စီရင်ပိုင်ခွင့် အောက်မှာရှိတဲ့ Teknaf ဆိပ်ကမ်းကို သွားမယ်။ အကူအညီတွေကို ဆိပ်ကမ်းမှာချမယ်။ ပြီးရင် မြစ်ကိုဖြတ်ပြီး မြန်မာပြည်ထဲကို ဘယ်လိုပို့လို့ရမယ်ဆိုတာကြည့်မယ်။ မြန်မာပြည်ကို ၀င်ခွင့်မရတောင်မှ ဆိပ်ကမ်းနားက  ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဒုက္ခသည်စခန်းရှိတဲ့အတွက် ပစ္စည်းတွေကို ရိုဟင်ဂျာတွေဆီကို ဖြန့်ဝေလို့ရပါလိမ့်မယ်။” မြန်မာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ မလေးရှားထောက်ပံ့ရေး သင်္ဘော လာရောက်မှာနဲ့ ပတ်သက်ပြီး နိုင်ငံကိုစော်ကားမှုဖြစ်လို့ လက်မခံဘူးလို့ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်အတွက်  လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ လိုက်နာရမယ့်  စည်းကမ်းချက်တွေကို  သက်ဆိုင်ရာ သံရုံးတွေထံ ပေးပို့အကြောင်းကြားထားပါတယ်။ စည်းကမ်းတွေထဲမှာ ရခိုင်ပြည်နယ်ကို အကူအညီတွေပေးပို့ရာမှာ သံတမန်လမ်းကြောင်းက တစ်ဆင့် အကြောင်းကြားပြီးမှသာ ဆောင်ရွက်ဖို့နဲ့ အကူအညီတွေကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း ၂ ခုလုံးကို  ခွဲခြားမှုမရှိဘဲပေးဖို့ စတာတွေ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024