ရေးမြို့နယ် ပင်လယ်ပြင် ရေလုပ်ငန်းတွင် လူကုန်ကူးမှုများဖြစ်ပွားနေ
DVB
·
January 6, 2017
မွန်ပြည်နယ် ရေးမြို့နယ်မှာ ၂၀၁၆ ခုနှစ်အတွင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာ လူကုန်ကူးမှု ၄ မှုဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ် လူကုန်ကူး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရပါတယ်။
လူကုန်ကူးတရားခံပေါင်း ကျား၊မ ၂၉ ဦးထဲမှာ ၁၃ ဦးက ထွက်ပြေး လွတ်မြောက်တိမ်းရှောင်နေကာ တရားခံ ၁၆ ဦးကို ဥပဒေနဲ့အညီ တရားစွဲနိုင်ခဲ့တယ်လို့ မွန်ပြည်နယ် လူကုန်ကူး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအရာရှိတဦးကပြောပါတယ်။
“လူကုန်ကူးမှု အများစုဟာ ပွဲစားတွေက ငွေကြေးခေါင်းပုံဖြတ်ဖို့ လိမ်လည်ခေါ်ဆောင်လာတယ်။ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုတွေ ရှိနေသလို ပင်လယ်ပြင် လုပ်ငန်းခွင်အတွင်း အတင်းအဓမ္မ ရိုက်နှက်ခိုင်းစေတာအပြင် ကြိုတင်ငွေတွေကို ထုတ်ယူသွားတာတွေ အများဆုံး ဖြစ်နေပါတယ်”
ပြည်တွင်းငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေ မဖြစ်ပွားရေး ကြိုတင်ကာကွယ်ဖို့ လူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မိတ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ သတင်းအချက်အလက်စုဆောင်းတာ ကြိုတင်ကာကွယ်စစ်ဆေးအရေးယူတာတွေ အရှိန်မြှင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။
ပြည်တွင်းလူကုန်ကူးမှု အများဆုံးဖြစ်ပွားတဲ့ မွန်ပြည်နယ်အတွင်းကမြို့တွေရှိ ကားဂိတ်၊ ဘူတာရုံ၊ လှေဆိပ်နဲ့ ရေလုပ်သားတွေ နေထိုင်သွားလာတဲ့ နေရာတွေမှာ အသိပညာပေး မြေစိုက်ပိုစတာတွေနဲ့ နံရံကပ်ပိုစတာတွေကပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ လည်းသိရပါတယ်။
သတင်း - နေမျိုးထွဋ်