အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခွင့်ကို ကော်မရှင် လက်ခံ
DVB
·
November 25, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခွင့် ပြုဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံလိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က နေပြည်တော်မှာ ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့က အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက် လျှောက်တင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရေးကို လက်ခံလိုက်တယ်လို့ အဖွဲ့ချုပ်က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဟန်သာမြင့်က ပြောပါတယ်။
“၁၀ နာရီခွဲက တင်လိုက်တော့ ဖြတ်ပိုင်းရတယ်။ လက်ခံဖြတ်ပိုင်းရတာပေါ့ ကော်မရှင်က ဆက်တယ်။ အတည်ပြုတာမဟုတ်ဘူး သူက လျှောက်လွှာကို လက်ခံလိုက်တယ်ပေါ့ဗျာ။ သူ့ ပုံစံတွေ ဘာတွေ မှန်တယ်ပေါ့။ ကျနော်တို့ တင်တဲ့ပုံစံမှန်လို့ လက်ခံတဲ့ သဘောပါပဲ။”
အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှ ပါတီမှတ်ပုံတင်ရမယ်လို့လည်း ဦးဟန်သာမြင့်က ပြောပါတယ်။
လောလောဆယ်တော့ ပါတီပြန်လည်ဖွဲ့စည်းခွင့်ကိုတော့ တိုင်းနဲ့ပြည်နယ်က အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၁ ဦးနဲ့ တင်လျှောက်လိုက်တာပါ။
အဲဒီ ၂၁ ဦးဟာ ပါတီပြန်လည် ဖွဲ့စည်းရေးအတွက်ပဲ အမည်စာရင်းနဲ့ လျှောက်ထားတာဖြစ်ပြီးတော့ နောက်လာမယ့် ပါတီရဲ့ ဖွဲ့စည်းရေးနဲ့ မသက်ဆိုင်ဘူးလို့ အဲဒီ ၂၁ ဦးမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးအဖွဲ့ဝင် ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
လောလောဆယ်အဖွဲ့ချုပ်ဗဟိုမှာတော့ ရွေးကောက်ပွဲအောင်နိုင်ရေးဗဟိုနဲ့ တိုင်းနဲ့ပြည်နယ်အဖွဲ့တွေကို ဖွဲ့စည်းသွားမှာဖြစ်ပြီး ရွေးကောက်ပွဲ နောက်ပိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ဒေါ်နန်းခင်ထွေးမြင့်က ရှင်းပြပါတယ်။
“ရွေးကောက်ပွဲ အောင်နိုင်ရေးပြီးမှ အခုက အောင်နိုင်ရေးပဲ အဓိကလေ။ အောင်နိုင်ရေးပြီးတော့ ရွေးကောက်ပွဲ ဝင်လိုက်မယ်။ ရွေးကောက်ပွဲပြီးမှပဲ ကျမတို့က မူလရှိထားတဲ့ အဟောင်းအတိုင်းပဲ နေမယ်။ အရင်အဟောင်းအတိုင်းပဲ။ စီအီးစီလည်း အရင်အဟောင်း အတိုင်းပဲ စီစီတွေလည်း အရင်အဟောင်း အတိုင်းပဲ ရှိနေတယ်ပေါ့နော်။ မြို့နယ်စည်းတွေ၊ ပြည်နယ်စည်းတွေလည်း အရင်အဟောင်းအတိုင်းပဲ။ ဘာမှ တိုးတာ လျှော့တာ အသစ်တွေ လက်မခံနဲ့ဦး။ ရွေးကောက်ပွဲ ပြီးတဲ့အခါကျမှ ကျမတို့က ကိုယ့်မြို့နယ်တွေမှာ ပြန်ပြီးတော့စ။ အခု ပါတီဝင်တွေတော့ လက်ခံပေါ့။ ပါတီဝင်လက်ခံဆိုတာလည်း လျှောက်လွှာတွေက ရုံးချုပ်က ပို့မှာ။ ရုံးချုပ်က ပို့တာကိုပဲ စောင့်ရမှာ လကုန်လောက်မှ ရမှာ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီပြန်လည်ဖွဲ့စည်းခွင့်ကို လျှောက်ထားပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပေမယ့် ပြည်သူလွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းကတော့ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၃လအတွင်း ကျင်းပနိုင်မှာ မဟုတ်ဘူးလို့လည်း ဒီကနေ့ နေပြည်တော်မှာ သတင်းထောက်တွေကို သီးခြားတွေ့ဆုံစဉ်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။