Home
မြန်မာသတင်း
လူကုန်ကူးမှုဖြစ်စေသည့် အငှားမယားကိစ္စ လွှတ်တော်တင်မည်
DVB
·
January 5, 2017
အွန်လိုင်းသုံးစွဲနေတဲ့ လူထုကြားမှာ တွင်ကျယ်နေတဲ့ အငှားမယားစနစ်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တင်သွင်းဖို့ စဉ်းစားနေတယ်လို့ ပန်းဘဲတန်းမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီသလို လူကုန်ကူမှုရဲ့ အစလည်း ဖြစ်တာကြောင့် လူငယ်တွေ အနေနဲ့ လမ်းမှားမရောက်အောင် ဒါတွေကို တားဆီးတဲ့အနေနဲ့ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “လွတ်လပ်တဲ့သူပဲဖြစ်ဖြစ်၊ မလွတ်လပ်တဲ့သူပဲဖြစ်ဖြစ် မိန်းကလေးတွေကို ၃ လလောက် နေတယ်တို့ ဘာတို့ သေချာသိအောင် လိုက်ပြီးစုံစမ်းနေပါတယ်။ လွှတ်တော်မှာ ဒါကို တင်ပြမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကိုယ်တို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီဘူး။ နောက်တခုက ဒီဟာ လူကုန်ကူးမှုရဲ့အစလည်း ဖြစ်တယ်။ ကလေးတွေ လမ်းလွဲလို ရောက်သွားခြင်းပဲပေါ့နော်။ ဒါကို ပိုပြီးတော့ မကျယ်ပြန့်လာအောင် အကိုတို့က တားဆီးပေးဖို့ဖြစ်တယ်ပေါ့နော်။ နယ်တွေမှာ နေကြတဲ့လူတွေ ရှိတယ်။ ရန်ကုန်မှာ အလုပ်အကိုင်အတွက်ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကို သူတို့ သွားရောက်လုပ်ကိုင်ဖို့ပဲဖြစ်ဖြစ်ပေါ့လေ။ အဲဒီလိုအချိန်မှာ သူတို့ တိုက်ခန်းငှားနေတာမျိုး ရှိတယ်။ အဲဒီလို ငှားနေတဲ့အခါမှာ ၂ လ ငှားနေတာ၊ ၃ လ ငှားနေတာမျိုး ရှိတယ်။ အဲဒီလို ငှားနေတဲ့အချိန်မှာ တချို့အခေါ်ပေါ့နော်။ ကလေးမလေးတွေကို သူ ဒီမှာတော့ ၃ လလောက်နေမယ်။ သူနဲ့ ၃ လ နေပေးမလားဆိုပြီးတော့ တလကိုတော့ ၃ သိန်းပေါ့။” လို့ ပြောပါတယ်။ ပန်းဘဲတန်းမြို့နယ်မှာ ဒီလိုမိန်းကလေးတွေကို ငှားရမ်းပေါင်းသင်းတဲ့ သူတွေထဲမှာ သင်္ဘော မတက်ခင် နယ်ကနေ ရန်ကုန်မြို့ကို လာရောက်နေထိုင်တဲ့ သင်္ဘောသားအများစုလည်း ပါဝင်သလို နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူပြီး တလကို ကျပ် ၃ သိန်းနှုန်းလောက်နဲ့ ၃ လ သို့မဟုတ် ၅ လ ဆိုပြီး နေထိုင်တဲ့ သူတွေရှိနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီ အငှားမယားကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းသုံးစွဲနေတဲ့ လူထုအကြား ပျံ့နှံ့နေတယ် ဆိုပေမယ့်လည်း တကယ်တမ်း ဘယ်မှာ ငှားရမ်းလို့ရတယ်၊ ဘယ်ကို ဆက်သွယ်ရမယ်ဆိုတာကိုတော့ သိတဲ့သူ မရှိသလောက် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024