ထမံသီ၊ မော်လိုက်၊ သပိတ်ကျင်းနှင့် ကလေးဝ အနီးငလျင်များလှုပ်ခတ်
DVB
·
January 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီအနီး ဒီကနေ့ မွန်းလွဲပိုင်းက ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် ၅၀ စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၂၂၀ ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ထမံသီမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ၎ရက် မနေ့က တရက်ထဲမှာပဲ မြန်မာနိုင်ငံ ပြည်တွင်းမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ အနည်းဆုံး ၃ ကြိမ်လောက်လှုပ်ခတ်သွားတယ်လို့ မိုးဇလထုတ်ပြန်ချက် အရသိရပါတယ်။
မနေ့ည ၉နာရီလောက်က မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၅၁ မိုင်ခန့်အကွာကို ဗဟိုပြပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားသလို ည ၇ နာရီကျော်လောက်မှာလည်း သပိတ်ကျင်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီ မိနစ် ၂၀ လောက်မှာလည်း ကလေးဝမြို့ရဲ့ အရှေ့မြောက်ဘက် ၁၇မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်သွားတယ်လို့ သိရပါတယ်။