Live
Home
မြန်မာသတင်း
နိုင်ငံမဲ့ ၈ သောင်းခန့်ကို ထိုင်းနိုင်ငံသားပေးရန်စီစဉ်
နန်းမြနဒီ
·
January 5, 2017
ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိတဲ့ နိုင်ငံမဲ့ပေါင်း ၈ သောင်းလောက်ကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ နိုင်ငံမဲ့ကလေးတွေရဲ့ ပြဿ နာကို ဖြေရှင်းတဲ့အနေနဲ့ရော အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးစာချုပ်ကို လိုက်နာကျင့်သုံးတဲ့အနေနဲ့ပါ နိုင်ငံမဲ့ကလေးတွေကို နိုင်ငံသားပေးဖို့ ထိုင်းအစိုးရ၀န်ကြီးများအစည်းအဝေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့တာပါ။ ထိုင်းနိုင်ငံသားဖြစ်ဖို့ အကျုံးဝင်တဲ့ အုပ်စု ၃ စု ရှိတယ်လို့ နိုင်ငံမဲ့ကလေးများအရေး တစိုက်မတ်မတ် ဆောင်ရွက်နေသူ ထိုင်းရှေ့နေများကောင်စီဝင် ဆုရဖုန်း ကောင်းကျန်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။ “နိုင်ငံသားဖြစ်ဖို့ အကျုံးဝင်မယ့်သူတွေက အကြမ်းအားဖြင့် အုပ်စု ၃ ခု ရှိပါတယ်။ ပထမအုပ်စုက မိဘက ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ၀င်ရောက်နေထိုင်ပြီး ထိုင်းနိုင်ငံထဲမှာ မွေးဖွားတဲ့ တောင်ပေါ်တိုင်းရင်းသားတွေ။ ဒါပေမယ့် သူတို့မှာ ထိုင်းမှာ နေထိုင်ခွင့်ရတဲ့ အထောက်အထားတွေ ရှိရမယ်။ အုပ်စု ၂ က ထိုင်းနိုင်ငံမှာ မွေးပြီး တက္ကသိုလ်က ဘွဲ့တခုခုရပြီးတဲ့သူ၊ အုပ်စု ၃ က လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ် တည်တံ့ရေးဝန်ကြီးဌာန အစောင့်ရှောက်ခံကလေးတွေ ဥပမာ မိဘက စွန့်ပစ်သွားတဲ့ ကလေးတွေ၊ မိဘမဲ့ကျောင်းက ကလေးတွေပေါ့။ အဲဒီအုပ်စု ၃ ခုထဲပါတဲ့သူတွေဟာ သူတို့မှာ ၁၀ နှစ်ခံ ပန်းရောင်ကတ်ရှိရုံနဲ့ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလို့ ရတယ်၊ မွေးစာရင်းတော့ ပြရမှာပေါ့နော်။” ထိုင်းနိုင်ငံသားဖြစ်ခွင့်ရှိသူတွေဟာ ၈ သောင်းလောက် ရှိမယ်လို့ သတင်းတွေမှာ ဖော်ပြ နေပေမယ့်လည်း အမှန်မှာ နိုင်ငံမဲ့ဖြစ်သူအရေအတွက်က သိန်းချီရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။ နိုင်ငံမဲ့သူတွေဟာ ထိုင်းမြေမှာမွေးဖွားခဲ့ပေမယ့် ထိုင်းမှတ်ပုံတင် မရှိတာကြောင့် ခရီးသွားလာခွင့်နဲ့ ကျန်းမာရေး၊ လူမှုဖူလှုံရေးခံစားခွင့်တွေ ဆုံးရှုံးနေရသလို ပညာတတ်တော့လည်း ထိုက်တန်တဲ့ အလုပ်လုပ်ပိုင်ခွင့် မရှိတာကြောင့် သူတို့တွေ နိုင်ငံသားဖြစ်ခွင့်ရဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ တောင်းဆိုခဲ့တာ ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ အခုလို နိုင်ငံမဲ့သူတွေကို နိုင်ငံသားပေးခြင်းအားဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်မယ့် လူသားရင်းမြစ်တွေ တိုးပွားလာမယ်လို့ နိုင်ဆုရဖုန်း ကောင်းကျန်ထိုက်က ပြောပါတယ်။ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ သားသမီးနဲ့ နိုင်ငံမဲ့ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ မဲဆောက်အခြေစိုက် အမျိုးသမီးနဲ့ကလေးသူငယ်များ လူမှုဘ၀ကူညီ စောင့်ရှောက်ရေးဂေဟာ (SAW)ရဲ့ ဒါရိုက်တာ မအေးမာကတော့ နိုင်ငံမဲ့ မြန်မာကလေးငယ်တွေ နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင် သူတို့ရဲ့ အနာဂတ်နဲ့ ဘ၀လုံခြုံမှုရစေမှာဖြစ်တယ်လို့ ပြောပြပါတယ်။ “နိုင်ငံမဲ့ကလေးတွေက နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင် ကလေးတွေရဲ့ အနာဂတ်အတွက် အများကြီး ကောင်းသွားမှာပေါ့။ အထူးသဖြင့် ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေမှာ ပိုပြီးတော့ အေ ထာက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေက ဆယ်စုနှစ်နှစ်စုထိ မြန်မာပြည်ကို မပြန်နိုင်ကြဘူး။ အခက်အခဲတွေရှိနေသေးတယ်။ ဒီတော့ထိုင်းမှာဘဲ အလုပ်လုပ်နေရ တုန်းဘဲ၊ ဒီလိုနဲ့ သူတို့ကလေးတွေက ကြီးပြင်းလာကြတယ်။ ကြီးပြင်းလာတော့ အထောက်အထား လက်မှတ်မရှိတော့ အများကြီးပြဿ နာရှိတယ်။ အထူးသဖြင့် ၁၅ နှစ်အထက်ကလေးတွေ၊ သက်ဆို င်ရာက တရားမ၀င်အလုပ်သမားတွေ လိုက်ဖမ်းရင်း သူတို့ပါ ရောပြီးအဖမ်းခံရတယ်။ ဒါကြောင့် နိုင်ငံသားကဒ်ထုတ်ပေးတော့ သူတို့ဘ၀ လုံခြုံမှုလည်း ရတာပေါ့။” SAW ဂေဟာမှာခိုလှုံနေတဲ့ မိဘမဲ့ကလေး၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ကလေးနဲ့ တောင်ပေါ် တိုင်းရင်းသားတွေရဲ့ကလေးတွေပါ စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အဲဒီထဲက ထိုင်းနိုင်ငံသားလျှောက်ထား ခွင့်ရှိတဲ့သူတွေထဲ အကျုံးဝင်မယ့်ကလေးငယ် ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024