ရှမ်းပြည်နယ်လွှတ်တော်တွင် ဘဏ္ဍာငွေ နောက်ထပ် ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတင်သွင်း
DVB
·
January 5, 2017
ရှမ်းပြည်နယ် အစိုးရအဖွဲ့က၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်ရဲ့နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့မှာ တင်သွင်းလိုက်တာဖြစ်ပြီး ရှမ်းပြည်နယ် ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကြမ်းကိုလည်း ပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ဒါ့အပြင် တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ လယ်ယာမြေ ပုံစံ-၇၊ ပုံစံ-၁၀၅ ပြုလုပ်ရာမှာ ရှိလာမည့် မရိုးသားမှု၊ ကြန့်ကြာမှုတွေကို ဘယ်လိုပုံစံ၊ ဘယ်ဌာနကို တိုင်ကြားနိုင်တယ် ဆိုတာ ပင်းတယမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းသွားခဲ့ပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်က ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေအရသော် လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီကို လည်းကောင်း တိုက်ရိုက်တိုင်တန်းလို့ရကြောင်း ဖြေကြားသွားပါတယ်။
သတင်း - ခွန်ရာဇာ