Home
မြန်မာသတင်း
အရှေ့တောင်အာရှဒေသပါ ရှေးဟောင်းမြေပုံတချပ်နှင့် နိုင်ငံတော်သီချင်းဓာတ်ပြား ၂၉၀ လှူဒါန်း
နေဖြိုးဝင်း
·
January 5, 2017
၁၇၇၁ ခုနှစ်က ရေးဆွဲခဲ့တဲ့ အရှေ့တောင်အာရှဒေသပါ ရှေးဟောင်းမြေပုံတချပ်နဲ့ နိုင်ငံတော်သီချင်းဓာတ်ပြား ၂၉၀ ချပ် သမိုင်းဝင်အမွေအနှစ်ပစ္စည်းတွေ လှူဒါန်းဂုဏ်ပြုအခမ်းအနားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရှေးဟောင်းပစ္စည်းတွေကို Youth Force ကုမ္ပဏီများအုပ်စုက အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းအောင်နဲ့ ဒါရိုက်တာ ဒေါ်မြမြဖြိုးတို့က လှူဒါန်းခဲ့တာပါ။ အခုလိုလှူဒါန်းတာကို တကြိမ်တည်း စုပေါင်းလှူဒါန်းတာမဟုတ်ဘဲ ၂၀၁၄ ခုနှစ်မှာ ပထမ အကြိမ်အနေနဲ့ နိုင်ငံတော်သီချင်းဓာတ်ပြား ၂၈၅ ချပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ဒုတိယ အကြိမ်အနေနဲ့ နိုင်ငံတော်သီချင်းဓာတ်ပြား ၅ ချပ်နဲ့ ၁၇၇၁ ခုနှစ်က ရေးဆွဲခဲ့တဲ့ အရှေ့တောင်အာရှဒေသပါဝင်တဲ့ ရှေးဟောင်းမြေပုံ တစ်ချပ်ကို ထပ်မံ လှူဒါန်းတာဖြစ်ပါတယ်။ "ဒီမြေပုံဟာ ကျမထက် အသက် ၂၀၀ တိတိကြီးလို့ ကျမတို့ မိသားစုအတွက် အမှတ်တရ ကိုယ်ပိုင်ပစ္စည်းလေးပါ။ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို မသိလို့လည်း မဟုတ်ပါဘူး။ ကမ်းလှမ်းတဲ့ သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ နားမလည်လို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါတွေကို ကျော်လွန်ပြီးတော့မှ ဖွံ့ဖြိုးလာတော့မယ့် နိုင်ငံတော်အတွက် လူတွေအားလုံးရဲ့ အသိဥာဏ်၊ အတွေ့အကြုံ၊ အထောက်အကူ အခုထက်ပိုပြီး ၁၈ ရာစုကရှိခဲ့ တဲ့ ပထ၀ီသဘာဝအနေအထားတွေနဲ့ အခု ၂၁ ရာစုမှာရှိတဲ့ သဘာဝမြေပြင်အနေအထားတွေကို လေ့လာလို့ရအောင် ပင်ကိုယ်ပကတိ ရည်ရွယ်ချက်နဲ့ လှူဒါန်းခဲ့တာပါ" Youth Force ကုမ္ပဏီများအုပ်စု ဒါရိုက်တာဒေါ်မြမြဖြိုးက ဆိုပါတယ်။ ဓာတ်ပြားတွေဟာ အချိန် ၅၈ စက္ကန့်ကြာမြင့်တဲ့ နိုင်ငံတော်သီချင်းတီးလုံးတွေဖြစ်ပြီး မြေပုံဟာ မြန်မာ့သမိုင်းနဲ့ ကြည့်ရင် AD 1763 ကနေ 1776 အတွင်း စိုးစံခဲ့တဲ့ ကုန်းဘောင်မင်းဆက်နဲ့ တတိယမြောက်မင်းဖြစ်တဲ့ ဆင်ဖြူ ရှင်မင်းတရားလက်ထက်မှာ ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ ဒါအပြင် ဓာတ်ပြားတွေနဲ့ မြေပုံတွေ စနစ်တကျ အဆင့်မီမီခင်းကျင်းပြသနိုင်ဖို့လိုအပ်တဲ့ ပရိဘောဂတွေနဲ့ အာဆီယံပြခန်းခင်းကျင်းပြသဖို့ လိုအပ်တဲ့ ပရိဘောဂတွေအတွက် ကာလတန်ဖိုး ၅၅ သိန်းခန့် တန်ဖိုးရှိ ပရိဘောဂ တွေကို ပါလှူဒါန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024