တူရကီတွင် အရေးပေါ်အခြေအနေ နောက်ထပ် ၃ လ ဆက်လက်ပြဋ္ဌာန်းရန် လွှတ်တော်အတည်ပြု

တူရကီနိုင်ငံတဝန်း အရေးပေါ်အခြေအနေကို နောက်ထပ် ၃ လ ဆက်လက်ပြဋ္ဌာန်းထားဖို့ တူရကီလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီနိုင်ငံတော်အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မအောင်မမြင်ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုအပြီး ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တခါ သက်တမ်းတိုးမြှင့်ခဲ့ပါတာ။ လာမဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ဒါကို နောက်ထပ် ၃ လ ဆက်လက်ပြဋ္ဌာန်းထားဖို့ ဇန်န၀ါရီ ၃ ရက်နေ့က တူရကီလွှတ်တော်က ဆုံးဖြတ်ခဲ့တာပါ။ တူရကီနိုင်ငံမှာ နှစ်သစ်ကူးနေ့က လူ ၃၉ ယောက် သေဆုံးခဲ့တဲ့ နိုက်ကလပ် အကြမ်းဖက်တိုက်ခိုက်မှုအပါအ၀င် အကြမ်းဖက်တိုက်ခတ်မှုခြိမ်းခြောက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်။ ဒီဥပဒေကို လိုအပ်သရွေ့ ဆက်လက်ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ အာဏာရပါတီက ပြောဆိုပါတယ်။ အခုလိုပြဋ္ဌာန်းထားတဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆတဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကို မဆို ချက်ချင်း ဖမ်းဆီးစစ်ဆေးအရေးယူနိုင်ပါတယ်။ အစိုးရက ပစ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေထဲမှာ အစိုးရအတိုက်အခံ ဘာသာရေးခေါင်းဆောင် ဖာသူလာ ဂူလန် (Fethullah Gulen) ဦးဆောင်တဲ့ ဂူလန်လှုပ်ရှားမှုနဲ့ အိုင်အက်စ် အကြမ်းဖက် တပ်ဖွဲ့တွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မအောင်မြင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဂူလန်ကို ထောက်ခံသူတွေက လုပ်ဆောင်ခဲ့တာလို့ အစိုးရက စွပ်စွဲတာပါ။ ဒီအရေးပေါ်အခြေအနေဥပဒေနဲ့ အတိုက်အခံတွေကိုပါ  အစိုးရက ဖိနှိပ်မှုတွေ လုပ်နိုင်တဲ့အတွက် အခုလို သက်တမ်းတိုးလိုက်တာကို အတိုက်အခံပါတီတွေက ကန့်ကွက်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up