Home
မြန်မာသတင်း
ရခိုင်ပြည်နယ်သို့ အကူအညီပေးအပ်ရေးဆိုင်ရာ စည်းကမ်းချက်များထုတ်ပြန်
DVB
·
January 5, 2017
  အာဆီယံနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်အတွက်  လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ လိုက်နာရမယ့်  စည်းကမ်းချက်တွေကို  မြန်မာနိုင်ငံခြားရေးဌာနက သက်ဆိုင်ရာ သံရုံးတွေထံ ပေးပို့ အကြောင်းကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်သို့ အကူအညီတွေပေးပို့ရာမှာ သံတမန်လမ်းကြောင်းက တစ်ဆင့် အကြောင်းကြားပြီးမှသာ ဆောင်ရွက်ဖို့နဲ့ အကူအညီတွေကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း ၂ ခုလုံးကို  ခွဲခြားမှုမရှိဘဲပေးဖို့ စတဲ့ စည်းကမ်းချက်တွေပါဝင်ပါတယ်။ ကူညီရေးပစ္စည်းတွေ ရန်ကုန်လေဆိပ်နဲ့ ဆိပ်ကမ်းတွေကို ရောက်ရှိချိန်မှာ ပစ္စည်းတွေကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ဖို့အတွက်  သက်ဆိုင်တဲ့ဌာနတွေနဲ့  အလှူရှင်နိုင်ငံတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ရခိုင် ပြည်နယ်အစိုးရက အကူအညီတွေကို အသိုင်းအဝိုင်း ၂ ခုလုံးသို့ ဖြန့်ဖြူးပေးသွားမယ်လို့ဆိုပါတယ်။   ရခိုင်ပြည်နယ်ကို အကူအညီတွေပေးပို့ရမှာ လိုက်နာရမယ့် အချက်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်န၀ါရီ ၂ရက်နေ့စွဲနဲ့ သက်ဆိုင်ရာ  အာဆီယံနိုင်ငံ သံရုံးတွေကို အကြောင်းကြား ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်လင်တွေအတွက် မလေးရှားနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်လာတဲ့ ထောက်ပံ့ရေးသင်္ဘာ မြန်မာနိုင်ငံကိုလာရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ  မြန်မာအစိုးရက ခုလို စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့  မြန်မာအစိုးရရဲ့ မူဝါဒနဲ့ အညီလူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ တရားဝင်အဆိုပြုကမ်းလှမ်းထားပြီး လိုအပ်သလို ဖြန့်ခွဲပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024