ဘရာဇီးနိုင်ငံတွင်း ကြပ်ညပ်နေသည့် ထောင်များအရေးဖြေရှင်းရန် တရားရေးဝန်ကြီး အဆိုပြု

ဓာတ်ပုံ-ရိုက်တာ
ဘရာဇီးနိုင်ငံအတွင်း ကြပ်ညပ်နေတဲ့ ထောင်တွေအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ အပြစ်ပေးစနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို ဘရာဇီးတရားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့မှာ အဆိုပြုလိုက်ပါတယ်။ နှစ် ၂၀ အတွင်း အဆိုးဆုံး အဓိကရုဏ်းအတွင်း ထောင်သား ၅၆ ယောက် အစုလိုက် လူသေမှုအပြီး ခုလို အဆိုပြုလိုက်တာပါ။ ဘရာဇီးဟာ ထောင်တွင်း အခြေအနေတွေ တိုးတက်အောင် လုပ်ဖို့ လိုနေတယ်။ အခုတော့ ထောင်သား ခန့်မှန်းခြေ ၆ သိန်း လောက်ရှိနေတယ်လို့ ဝန်ကြီး အလက်ဇန်ဒရေ ဒေ မိုရေးစ်က ပြောပါတယ်။ ပြိုင်ဘက် မူးယစ်ဂိုဏ်းတွေအကြား အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ မာနောက်စ်မြို့ ထောင်ဆီကို လာရောက် လည်ပတ်အပြီး ခုလို ပြောပါတယ်။ တကယ်လို့ ထောင်ထဲကို သေနတ်နဲ့ လက်ကိုင်ဖုန်း ဝင်လို့မရရင် ဘာပြသနာမှ ဖြစ်ခဲ့မှာ မဟုတ်ဘူး။ လုံခြုံရေး ပိုကောင်းအောင် အာမခံဖို့ ဝန်ထမ်းတွေကို ကောင်းကောင်း သင်တန်းပေးရမည်လို့ မိုရေးစ်က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ပိုင်းမိသားစုလို့ သိကြတဲ့ ရာဇဝတ်ဂိုဏ်းသားတွေက အန်နီစီယိုထောင်ကို ထိန်းချုပ်ထားပြီး ပြိုင်ဘက် ပီစီစီဂိုဏ်းက ထောင်သားတွေကို တိုက်ခိုက်ရာက အစုလိုက် လူသတ်မှု ဖြစ်ခဲ့တာလို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ ဒီသတင်းကြောင့် ဝန်ထမ်းအင်အား မပြည့်တဲ့ တခြားထောင်တွေမှာ ဂိုဏ်း အကြမ်းဖက်မှုတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့တာပါ။ အမေဇိုးနပ်စ်ပြည်နယ်က တခြားထောင်တွေက ထောင်သား ၂၂၃ ယောက်ကို ပြိုင်ဘက် ဂိုဏ်းတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ မာနောက်စ်မြို့က စွန့်ပစ်ထောင်တခုဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။ ထောင်တွင်းအကြမ်းဖက်မှုတွေအတွက် အဖြေက ထောင်အသစ်တွေ ထပ်ဖွင့်ရုံနဲ့ မရဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ဘရာဇီးထောင်တွေက ထောင်သား ၄၂ ရာခိုင်နှုန်းဟာ စီရင်ချက်ကို စောင့်နေရသူတွေလို့ သူက ပြောပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေကတော့ ဘရာဇီးထောင်စနစ်ဟာ ကမ္ဘာ့အဆိုးရွားဆုံးတွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up