ဘူးသီးတောင်တွင် အကြမ်းအဖွဲ့နှင့် ပတ်သက်သူ ၄ ဦးအား လက်နက်များနှင့်အတူ ဖမ်းမိ

ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာမှာ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူ ၄ ဦးကို လုပ်သေနတ် ၁၄ လက် နဲ့အတူ ဇန်န၀ါရီ ၄ ရက် မွန်းလွဲပိုင်းက တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းနယ်မြေရှင်လင်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ မောင်ကြီးတောင်ကျေးရွာမှာ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေနဲ့ လက်နက်တွေ ရောက်ရှိနေတယ်ဆိုတဲ့ နယ်မြေသတင်းအရ ဇန်န၀ါရီ ၄ ရက် မနက်စောစောပိုင်းမှာ အဲဒီကျေးရွာမှာ ပိတ်ဆို့ရှင်းလင်းရာ မသင်္ကာဖွယ်တွေ့ရှိတဲ့ ဂူမူရူကို စစ်ဆေးချက်အရ စစ်သင်တန်းပို့ချသူ မာမက်ကာဆိမ်းနှဲ့ သင်တန်းတက်ရောက်ပြီးသူ ဒီမာမက်နဲ့ မာဒူလာတို့ကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်။   စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီလောက်မှာ ဆာဒက်ရဲ့ ကွမ်းစိုက်ခင်းထဲမှာ မြွေရေခွံအိတ်နဲ့ထုပ်ပြီး မြေကြီးထဲမှာ ဝှက်ထားတဲ့ သေနတ်ဒင်၊ ပြောင်း၊ သံပိုက်ကွင်း၊ မောင်းရိုက်တံစတဲ့ သေနတ်အစိတ်အပိုင်းတွေ စုစုပေါင်း လုပ်သေနတ် ၁၄ လက်စာကို ဖော်ထုတ်သိမ်းဆည်းရခဲ့ပြီး ကွမ်းခြံပိုင်ရှင် ဆာဒက်ကိုတော့ ဖမ်းဆီးမရခဲ့ပါဘူး။ ဖမ်းဆီးရမိသူ လေးယောက်ကို တောင်ဘဇာနယ်မြေစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့် အရေးယူထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးကတော့ စစ်သင်တန်းပို့ချသူ ၁ ယောက်နဲ့ သင်တန်းတက်ပြီးသူ ၃ ယောက်ကို လုပ်သေနတ် ၁၄ လက်နဲ့ဖမ်းဆီး ရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - ကိုအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up