Homeမြန်မာသတင်း
လာမည့် ၃ လအတွင်း ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်မရှိသေးဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော
လာမည့် ၃ လအတွင်း ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်မရှိသေးဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော
ရွှေအောင်
·
November 25, 2011
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၃လအတွင်း မကျင်းပသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်က ၃ လ ကြိုတင်ကြေညာရတာဖြစ်လို့ ဒီနေ့ထိ ကော်မရှင်က မကြေညာရသေးတာကြောင့် ဒီနေ့ကစပြီး ၃လအတွင်း မဖြစ်နိုင်သေးဘူးလို့ ဦးရွှေမန်းက ပြောလိုက်တာပါ။ ဒီနေ့ကျင်းပတဲ့ လွှတ်တော်အတွင်း နေ့လယ်စာစားချိန်၊ သတင်းထောက်တွေနဲ့ သီးခြားတွေ့ဆုံရာမှာ ဦးရွှေမန်းက ပြောလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ဝင်လာရင် ကြိုဆိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကပြောကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံ လာမယ့်ကိစ္စကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ကြိုဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးမရှိခဲ့တဲ့အကြောင်းနဲ့ အခုလိုလာရောက်ပြီး ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ခဲ့ရင် အမေရိကန်-မြန်မာနှစ်နိုင်ငံ ပြည်သူတွေအတွက်တင်မကဘဲ ကမ္ဘာအတွက်ပါ ကောင်းပါတယ်လို့ ဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ သိရှိရပါတယ်။