ဖိလစ်ပိုင် အကျဉ်းထောင်ကို လက်နက်ကိုင်များ စီးနင်း၊ အကျဉ်းသား ၁၅၈ ဦး လွတ်မြောက်

ဓာတ်ပုံ - အေပီ
ဖိလစ်ပိုင်တောင်ပိုင်းက အကျဉ်းထောင်တစ်ခုကို ဇန်နဝါရီလ ၄ ရက်နေ့ အာရုံမတက်ခင်က လက်နက်ကိုင် ၁၀၀ ကျော်က ဝင်စီးခဲ့လို့ အကျဉ်းသား ၁၅၈ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီထောင်ဖောက်မှုက နိုင်ငံအတွင်း ထောင်စီးနင်းခံရမှု အကြီးမားဆုံးပဲလို့ အာဏာပိုင်တွေက ပြောကြောင်း The Sun ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က စီးနင်းထောက်ဖောက်ထွက်ပြေးသူတွေကို လိုက်လံဖမ်းဆီးရာမှာ အကျဉ်းသား ၆ ဦး သေဆုံးပြီး အကျဉ်းသား ၈ ဦးကိုတော့ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ထောင်စီမံခန့်ခွဲမှုဗျူရိုရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းစုံစမ်းထောက်လှမ်းရေး တစ်ဦးဖြစ်တဲ့ ဇာဗီရာဆိုလ်ဒါက ပြောပါတယ်။ လက်နက်တွေကိုင်ထားတဲ့ သူတွေ သစ်တောထဲက ထွက်လာပြီး အမှောင်ထုအောက်မှာ ကိုတဘတိုခရိုင် အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုလ်ဒါက ပြောပါတယ်။ အဲဒီအကျဉ်းထောင်ဟာ မြို့တော် မနီလာရဲ့ အရှေ့တောင်ဘက် ၉၃၀ ကီလိုမီတာ (၅၈၀ မိုင်) အကွာလောက်မှာ ရှိနေတာပါ။ “ကျနော်သိသလောက် ပြောရရင် ဒီထောင်ဖောက်မှုက သမိုင်းမှာတော့ အကြီးဆုံးပဲ” လို့ ဆိုလ်ဒါက ဆိုပါတယ်။ တာဝန်ကျနေတဲ့ ထောင်ဝန်ထမ်း ၂၀ ထဲက ၁ ဦး သတ်ခံရပြီး အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် အကျဉ်းသား ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ထောင်ဝါဒါ ပီတာဂျွန်က ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ တရားမဝင် ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်လပ်ရေး တိုက်ပွဲဝင်သူများအဖွဲ့ဝင်တွေနဲ့  အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦးမှ ပြောက်ကျားတပ်တွေလို့ ယူဆရကြောင်း ထောင်ဝါဒါ ပီတာဂျွန်က ပြောပါတယ်။ ဒေသအတွင်းမှာ ဆက်တိုက်ဗုံးဖောက်ခံမှုတွေလုပ်ခဲ့လို့ သေဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ ဘန်စာမိုရို အဖွဲ့ဝင်တွေအပါအဝင် အကျဉ်းသားစုစုပေါင်း ၁၅၁၁ ဦးကို ထောင်တွင်းမှာ အကျဉ်းချထားတာလို အာဏာပိုင်တွေက ပြောပါတယ်။ ဒီလိုတိုက်ခိုက်ပြီး ထောင်ဖောက်မှုဟာ ၂၀၀၇ ကနေတွက်ရင် ၃ ကြိမ်မြောက် ထောင်ဖောက်မှု ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေသခံရွာရဲ့ခေါင်းဆောင် အလက်ဇန္ဒားသြစတျေးလျက လွတ်သွားတဲ့ အကျဉ်းသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ Associated Press သတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောခဲ့ပါတယ်။ ထောင်နဲ့ ကီလိုမီတာ အတော်များများဝေးတဲ့ သူတို့ရွာမှာ သေနတ်သံကြောင့် နိုးလာကြပြီး တိုက်ခိုက်သူတွေနဲ့ လွတ်မြောက်တဲ့ အကျဉ်းသားတွေ ရွာထဲကို ဝင်လာနိုင်တာကြောင့် သူက ချက်ချင်းပဲ ဝန်ထမ်းတွေကို အသိပေးခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်တို့ သေနတ်သံတွေကြားတော့ ရွာကို အမြန်ပဲ လုံခြုံရေးယူလိုက်တယ်။ ထောင်ပြေးတွေက ကျနော်တို့ရွာထဲဝင်လာပြီး ပုန်းနေတာ ဓားစာခံ လုပ်မှာကို စိုးရိမ်တယ်” လို့လည်း ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up