Home
မြန်မာသတင်း
အလုပ်ဝန်ပိသည့်ဒဏ်ကြောင့် သူနာပြု ဆရာမများ အလုပ်ထွက်မှု များပြား
DVB
·
January 4, 2017
မြန်မာနိုင်ငံအနှံ့ ဆေးရုံတွေနဲ့ ကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမ အရေအတွက်ဟာ ရှိသင့်တဲ့ အရေအတွက်ထက် ၃  ပုံမှာ ၁ ပုံပဲ ရှိတာကြောင့် လူနာနဲ့ သူနာပြုအရေအတွက်ဟာ မမျှတဘဲ ဖြစ်နေပြီး အလုပ်ဝန်ပိတဲ့ဒဏ်ကြောင့် သူနာပြုဆရာမတွေ အလုပ်ထွက်မှု များပြားနေပါတယ်။ အလုပ်တာဝန်တွေ ပိုမိုထမ်းဆောင်နေရတဲ့တွက် လုပ်ငန်းခွင်မှာ အဆင်မပြေတာတွေ ရှိနေလို့ ထွက်စာတင်တဲ့ သူနာပြုအရေအတွက်ဟာ များပြားလာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်က ပြောပါတယ်။ “ထွက်တာတွေက ဘာကြောင့်ထွက်ကြလဲဆိုတော့ ဆေးရုံကြီးတွေမှာ အလုပ်လုပ်တဲ့အခါမှာ သူတို့ အဆိုင်းတွေအများကြီး တာဝန်ထမ်းရတယ်။ ဒါပေမယ့် လူနာတွေကလည်း မကျေနပ်နိုင်ဘူး။ သူတို့တွေကလည်း တာဝန်ထမ်းရတယ်။ အဲဒီမှာ ပြသနာအခက်အခဲက စတာပဲ။ ဆရာတို့ဆီမှာ တလ၊ တလ ထွက်စာတင်တဲ့ သူနာပြုတွေ အများကြီးပါ။” ကုသရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံတွေမှာ လူနာအခန်း ၁ ခန်းကို ပျမ်းမျှသူနာပြု ၂ ဦးနှုန်းလောက်ပဲရှိသလို ကျေးလက်ဒေသတွေမှာလည်း ရွာ ၄ ရွာကို သူနာပြုဆရာမ ၁ ဦးက တာဝန်ယူနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူနာပြုဆရာမတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျေးရွာတွေမှာ ကိုယ့်ရဲ့ သက်ဆိုင်တဲ့ အလုပ်တင်မကဘဲ တခြား တာဝန်တွေကိုပါ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ သူနာပြုဆရာမ ဒေါ်သီတာခင်က“သန့်ရှင်းရေးအလုပ်တွေ လုပ်နေရတယ်။ လူနာဆောင် မှာရှိတဲ့ ကျမတို့ဌာနတွင်းမှာရှိတဲ့ သန့်ရှင်းရေးတွေ၊ ဖုန်သုတ်တာ၊ ဆေးတာကြောတာ သန့်ရှင်းရေးလုပ်တာတွေတင်မကဘူးပေါ့နော်။ အလုပ်ချိန်မှာ ပြင်ပမှာထွက်ပြီး ယူနီဖောင်းနဲ့ တံမြက်စည်းလှည်းနေရတာတွေ၊ အိမ်သာတွေကအစ ကြီးကြပ်ရတာတွေကဏ္ဍတွေပေါ့။ ဒါတွေက မလုပ်သင့်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဒါ ခေတ်နဲ့အညီပါ။ တနေ့ထက်တနေ့ လူနာဦးရေက အရမ်းများပြားလာတယ်။ ဆေးရုံတွေမှာ သွားကြည့်လို့ရပါတယ်။ ဦးရေများပြားလာတာနဲ့အမျှ လူနာရဲ့ အခြေအနေ ပိုဆိုးလာတာမျိုးတွေဆို ကျမတို့ တောက်လျှောက်စောင့်ကြည့်ဖို့ လိုတယ်။ ဆေးဝါးကို ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ ကျမတို့ ကြည့်ဖို့လိုတယ်။ လူနာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျမတို့ကမှတ်တမ်းလုပ်ဖို့လိုတယ်။ နောက်ပြီးတော့ လူနာအကြောင်းတွေ ဆွေးနွေးရမယ်။ တိုးတက်ရာတိုးတက်ကြောင်းတွေ လုပ်ဖို့လိုတယ်ပေါ့။ ဒါပေမယ့် စောစောကလို အလုပ်တွေ တအားများနေရင် ကျမတို့ လုပ်လို့မရဘူး” လို့ ပြောပါတယ်။ နိုင်ငံတော်က သူနာပြုဆရာမအရေအတွက်  နှစ်စဉ် ၂၀၀၀ ကျော် မွေးထုတ်ပေးနေပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ သူနာပြုဆရာမအရေအတွက် ၁ သောင်း၇ ထောင်ကျော် လိုအပ်နေတာ ဖြစ်ပါတယ်။ သင်တန်းဆင်းသွားတဲ့ သူနာပြုတွေအနေနဲ့လည်း စားဝတ်နေရေးအရ အစိုးရ ဆေးရုံ၊ ဆေးခန်းတွေထက် ပုဂ္ဂလိကဆေးရုံတွေမှာ သွားရောက်လုပ်ကိုင်ဖို့  ပိုမိုရွေးချယ်ကြပါတယ်။ အစိုးရအနေနဲ့ သူနာပြုဝန်ထမ်းအချို့ကိုသာ ဝန်ထမ်းအိမ်ရာပေးနိုင်တဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းအိမ်ရာတွေကို ပိုမိုဆောက်လုပ်သွားပေးဖို့ စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024