ကလေးမြို့တွင် ဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
DVB
·
January 4, 2017
ကလေးမြို့ တောင်ဇလပ်ရပ်ကွက် အနော်ရထာလမ်းဘေး ရေမြောင်းအတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတလောင်းကို ဒီနေ့မနက် ၈ နာရီလောက်က တွေရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။
“ဖြစ်စဉ်ကတော့ သေဆုံးသူဟာ ဆွေမျိုးတော်စပ်သူရဲ့အိမ်မှာ ဆုတောင်းပွဲရှိတယ်ဆိုပြီး ကူညီလုပ်ကိုင်ဖို့ ၃ ရက်နေ့ကတည်းက အိမ်ကထွက်သွားတယ်၊ ပြန်မလာဘူး။ အဲ့ဒီနောက် တောင်ဇလပ်ရပ်ကွက် လမ်းဘေးမြောင်းထဲမှာ သေဆုံးနေတာကို တစ်ယောက်က တွေ့ပြီး သေဆုံးတဲ့ အမျိုးသားရဲ့အိမ်ကို အကြောင်းကြားရာကနေ တွေ့ရှိခဲ့တာ” လို့ ကလေးမြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။
သေဆုံးသူမှာ ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နေမြေ (၉) မှာ နေထိုင်သူ ဦးတဲလ်ခွဆိုသူဖြစ်ပြီး လည်ပင်းဒဏ်ရာ၊ ညာဘက်မေးရိုး သုံးမြှောင့်သဏ္ဌာန် ထိုးဖောက်ဒဏ်ရာ၊ ညာဘက်နားထင်ကနေ ပါးပြင်ထိ ပြတ်ရှဒဏ်ရာ၊ ညာဘက် မျက်ရိုးကနေ နားရွက်အရင်းထိ ဖြစ်ဆွဲထားတဲ့ ဒဏ်ရာ၊ ဘယ်ဘက် ရင်အုံအထက် ထိုးဖောက်ဒဏ်ရာ၊ ဘယ်ဘက်လက်မောင်း ပြတ်ရှ စတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဦးတဲလ်ခွ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံ မမိသေးဘဲ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
ဦးတဲလ်ခွ သေဆုံးမှုကို ဦးတဲလ်ခွရဲ့ ဇနီးကိုယ်တိုင် ပြစ်မှုဆိုင်ရာ ပုဒ်မ (ပ) ၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ နဲ့ ကလေးမြို့မ ရဲစခန်းမှာ တရားလိုပြု အမှုဖွင့်ထားပြီး ကလေးမြို့မ ရဲစခန်း အမှုမှန် အမြန်ဆုံးပေါ်နိုင်ရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကလေးမြို့အတွင်း ၂၀၁၇ ခု ဇန်န၀ါရီ ၁ ရက်ကနေ လေးရက်အတွက် သေမှုသေခင်း (၄) မှု၊ လူသတ်မှု (၁) မှုနဲ့ ယာဉ်တိုက်မှု (၁) မှုတို့မှ လူ ၆ ဦး သေဆုံးခဲ့ကြောင်းလည်း ကလေးမြို့မ ရဲစခန်းမှ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်