ရန်ကုန်-မန္တလေးလမ်းပေါ်တွင် နိုင်ငံခြားသားစီးလာသည့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား
DVB
·
January 4, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် (၃၇၃/၁) နဲ့ (၃၇၃/၂) အကြား သြစတြေးလျနိုင်ငံသား တဦးစီးလာတဲ့ ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး လူ ၃ ဦး ဒဏ်ရာရသွားပါတယ်။
ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီလောက်က အသက် ၇၀ အရွယ် သြစတြေးလျအမျိုးသား ဟယ်ဒွန်ပီတာရစ်ချက် မောင်းနှင်လာတဲ့ BMW အမျိုးအစားဆိုင်ကယ်က ယာဉ်ကျော်တက်ပြီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ လားရာတူ မောင်းနှင်လာတဲ့ ဦးသိန်းဝင်း၊ နောက်ထိုင်ခုံပါ ဦးသောင်းရွှေတို့ရဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့တာပါ။
“ဆိုင်ကယ်ကြီးအကြီးကြီး၊ စက်ဆွဲအားကလည်း ကောင်းဆိုတော့ အရှိန်နဲ့ တိုက်မိကုန်တာပေါ့။ နိုင်ငံခြားသားကြီးက တောင်ကြီးဘက်က ဆင်းလာတာတာ။ သူ့စကားပြန်နဲ့ ကားလည်းပါတယ်။ အသက် ၇၀ ကို ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေတာတဲ့”လို့ ရွှေတောင်ကျေးရွာနေ ကိုဝင်းမင်းဆန်းက ပြောပါတယ်။
ယာဉ်တိုက်မှုအပြင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) အရပါ ဇန်နဝါရီ ၃ ရက်နေ့မှာ အမှုဖွင့်လာလို့ အမှုနှစ်ခု ဖြစ်သွားတယ်လို့ ဝမ်းတွင်းမြို့နယ် ရွှေတောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်နိင်စိုးက ပြောပါတယ်။
“ဦးသိန်းဝင်းက ခြေထောက်ပေါက်ပြဲပြီး ဝဲဘက်နံရိုးကျိုး ဒဏ်ရာရတယ်။ နောက်ခုံထိုင်လာတဲ့ ဦးသောင်းရွှေက နဖူးပွန်းပြီး ယာဘက်ခြေထောက်အရိုးအက်သွားတယ်။ သြစတြေးလျနိုင်ငံသားကတော့ ဝဲဘက်ခြေချင်းဝတ်နဲ့ ဒူးပေါက်ပြဲပြီး ယာဘက်နံရိုး အက်သွားတယ်။ မန္တလေးဆေးရုံကြီးကို ပို့ပေးရတယ်။ သြစတြေးလျနိုင်ငံသားကို လဝကဦးစီးမှူးကပါ တိုင်တန်း အမှုဖွင့်လာလို့ အမှုနှစ်ခု ဖွင့်ထားရတယ်။”
အဆိုပါ နိုင်ငံခြားသားကို ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မိမိနဲ့ အခြားသူတွေကို ထိခိုက်ဒဏ်ရာရရှိစေတဲ့ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ အပြင် နိုင်ငံအတွင်း ပြဿနာတစုံတရာဖြစ်ပေါ်အောင် လုပ်ဆောင်မှုကို ကျူးလွန်တာကြောင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့လည်း ရွှေတောင်နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)