မိုးညှင်းမြို့နယ်တွင် ရထားတစီး အရှိန်မထိန်းနိုင်ဘဲ သဲလမ်းပေါ်ထိုးကျ
DVB
·
January 4, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာဘူတာအဝင်မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၅ နာရီအချိန်က ကုန်တင်ရထားတစီး အရှိန်မထိန်းနိုင်ဘဲ ဘူတာအဝင်ဖမ်းလမ်း (သဲလမ်း)အတွင်းကို ထိုးကျခဲ့တယ်လို့ မိုးညှင်းဘူတာက သိရပါတယ်။
မော်ဟန်ဘူတာကနေ မနက် ၄ နာရီ ကျော်လောက်က မိုးညှင်းဘက်သို့ ထွက်ခွာလာတဲ့ အမှတ်-၂၄၃၊ အဆန်ကုန်ရထားဟာ ကာဒူဘူတာသို့ အဝင် မိုင်တိုင်အမှတ် ၆၂၇/၉ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဘူတာဖမ်းလမ်းမြှောင်ထဲကို ဝင်ရောက်သွားခဲ့ပြီး မိုင်တိုင်အမှတ်-၆၂၇/၁၄ အရောက်မှာ စက်ရပ်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားပေါ်မှာပါလားတဲ့ လူတွေ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ တာတော့မရှိခဲ့ပါဘူး။
စက်ခေါင်းရထားဘီးနဲ့ နားနေတွဲရထားဘီး ၁၀ ဘီး သဲလမ်းထဲ ပြုတ်ကျခဲ့လို့ မော်ဟန် ကာဒူရထားလမ်းပိုင်းကို မနက် ၅ နာရီအချိန်မှာ ပိတ်ထားခဲ့ပြီး လမ်းအမြန်ပြန်လည်ပွင့်ရေးအတွက် ဆောင်ရွက်နေကြပါတယ်။
သတင်း - မုန်းမုန်းမင်း