ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ပိုက်ဆံကိုင်ခရီးသည်များကို ကားခမယူဘဲ အခမဲ့ပို့ဆောင်
DVB
·
January 4, 2017
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့မှာရှိတဲ့ ဟိန်းစတားကားအသင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ပိုက်ဆံကိုင်ဆောင်ထားသူ ခရီးသည်တွေကို ဇန်နဝါရီ ၄ ရက်နေ့ မနက်ကစတင်ပြီး အခမဲ့ပို့ဆောင်နေပါတယ်။
အဆိုပါကားအသင်းဟာ မုံရွာ-ပြင်ဦးလွင်နဲ့ မုံရွာ-နေပြည်တော်ကို အသွားအပြန်ပြေးဆွဲနေတဲ့ ကားအသင်းဖြစ်ပြီး လွတ်လပ်ရေးနေ့မှာတော့ လိုက်ပါတဲ့ ခရီးသည်တွေကို ဗိုလ်ချုပ်ပုံပါ ပိုက်ဆံပြနိုင်ရုံနဲ့ အသွားအပြန်ခရီး အခမဲ့ လိုက်ပါစီနင်းနိုင်တယ်လို့ ဟိန်းစတားကားဂိတ် အတွင်းရေးမှူး ဦးကျော်ထွန်းနိုင်က ပြောပါတယ်။
"ကျနော်တို့ ကားအသင်းအနေနဲ့ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံပြနိုင်ရင် ခရီးကို အသွားအပြန် အခမဲ့ဝန်ဆောင်မှုပေးနေတာပါ။ ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးကို အသက်ပေးစတေးပြီး အရယူဆောင်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူအားလုံး ထာဝရ အောက်မေ့သတိတရရှိစေဖို့ ရည်ရွယ်ပါတယ်။ နောက်နှစ်တွေမှာလည်း လွတ်လပ်ရေးနေ့မှာ အခုလို အခမဲ့ ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။"
ဒီကနေ့ လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ပိုက်ဆံကိုင်ဆောင်လာတဲ့ ခရီးသည် ဘယ်နှယောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဗိုလ်ချုပ်ပုံပိုက်ဆံသိမ်းထားတဲ့ ခရီးသည် ဒေါ်ခင်မြင့်ကတော့ "ကျမတို့ ငယ်ငယ်တုန်း သုံးခဲ့ရတဲ့ ဒီပိုက်ဆံတွေကို နောင်လာနောက်သားတွေ မြင်ဖူးအောင်ဆိုပြီး အခုလို သိမ်းထားတာပါ။ အခု ခရီးကို ဗိုလ်ချုပ်က ပို့ဆောင်ပေးတာပေါ့။ ကျမသဘောကတော့ ဒီလို ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံတွေကို ခေတ်ကာလတန်ဖိုးနဲ့အညီ ပြန်လည်ထုတ်လုပ်ပေးပြီး အသုံးပြုခွင့်ရရင် ပိုကောင်းမယ်" လို့ ဆိုပါတယ်။
ဟိန်းစတားကားအသင်းအနေနဲ့ လွတ်လပ်ရေးနေ့မှာတော့ ပုံမှန်ရက်တွေမှာ ပြေးဆွဲနေတဲ့ ကားအစီးရေထက် တိုးမြှင့်ပြေးဆွဲပေးနေပြီး မုံရွာ-ပြင်ဦးလွင် ခရီးကို အသွားပြန် ၁၅ စီးနဲ့ မုံရွာ-နေပြည်တော်ကို အသွား ၄ စင်း ၊အပြန် ၄ စင်း ပြေးဆွဲပေးနေကြောင်း သိရပါတယ်။
သတင်း- ရန်နိုင်စိုး