Home
မြန်မာသတင်း
ယာဉ်မောင်းအများစု အသက်ကယ်ခါးပတ် ပတ်လာကြသော်လည်း အဆင်မပြေမှုများရှိနေသေး
ပိုင်စိုး
·
January 4, 2017
ကားမောင်းနေရင် အသက်ကယ်ခါးပတ် ပတ်ဖို့ ပညာပေးကာလနောက်ပိုင်း အများစုက လိုက်နာလာကြပြီလို့ တာဝန်ရှိ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ပညာပေးကာလပြီးသွားလို့ ဇန်နဝါရီ ၁ ရက်ကစပြီး မောင်းနေတဲ့ ကားပေါ်မှာ ခါးပတ်မပတ်ရင် အရေးယူနေပြီ ဖြစ်ပါတယ်။ အများစုက ခါးပတ် ပတ်လာကြပေမယ့် အဆင်မပြေတာတွေ ရှိသေးတယ်လို့ ယာဉ်ထိန်းရဲတွေက ဆိုပါတယ်။ အမှတ် ၂၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး ဝင်းလွင်က “၂ လကြိုတင်အသိပေးထားတာတောင်မှ တချို့ ကားတွေမှာ ဒရိုင်ဘာပတ်ဖို့ ခါးပတ် မရှိဘူး။ တချို့ကားတွေကတော့ ခါးပတ် မထုတ်တာကြာလို့ အလိပ်ထဲက ဆွဲထုတ်မရဘူး။ တချို့ကားတွေက ဆွဲထုတ်လို့တော့ ရပေမယ့် ပတ်ရလောက်အောင် မရှည်ဘူး” လို့ ပြောပါတယ်။ အသက်ကယ်ခါးပတ်နဲ့ပတ်သက်ပြီး အမြင်မတူတာတွေလည်းကြုံရတယ်လို့ သူက ဆိုပါတယ်။ “ဒီခါးပတ်က ဘယ်လောက်များ အရေးကြီးလို့လဲပေါ့။ ပြီးရင် ဒါကြီးက စိတ်အနှောင့်အယှက်ဖြစ်တယ်တို့ ပေါ့။ ကျနော် ပြောချင်တာက ယာဉ်ကြောင့်ဖြစ်တဲ့ အန္တရာယ်က ကပ်ရောဂါမဟုတ်ပါဘူး။ ဆေးဝါးနဲ့လည်း ကြိုတင်ကာကွယ်လို့ မရပါဘူး” လို့လည်း ဒုတိယရဲမှူးဝင်းလွင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ ယာဉ်ကြောင့်ဖြစ်တဲ့ အသက်သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့ အမျိုးသား ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ရည်မှန်းထားပြီး၊ လိုက်နာရမယ့် အချက် ၇ ခုမှာ အသက်ကယ်ခါးပတ် ပတ်ဖို့က ပထမဆုံးအဆင့် ဖြစ်ပါတယ်။ ခါးပတ် မပတ်တာကို သီးသန့် ဖမ်းဆီးနေတာ မဟုတ်ဘဲ တခြား စည်းကမ်းပျက်တွေကို ဖမ်းဆီးရင်း ခါးပတ်ကိစ္စကိုပါ ထည့်သွင်း အရေးယူနေတာလည်း ဖြစ်ပါတယ်။ ဒုရဲမှူးဝင်းလွင်က “ယာဉ် ဘာကြောင့် အက်ဆီးဒင့်ဖြစ်တတ်သလဲ သုံးသပ်တဲ့အခါ လူ၊ လမ်း၊ ယာဉ်၊ ရာသီဥတုပေါ့။ အဲဒီမှာ လမ်း၊ ယာဉ်နဲ့ ရာသီဥတုတွေမှာ အသိမရှိဘူး။ ဒီလေးခုလုံးမှာ လူမှာပဲ အသိရှိတယ်။ သူ ထိန်းသိမ်းဖို့ လိုတာပေါ့” လို့ ပြောပါတယ်။ လက်ရှိ မော်တော်ယာဉ် ဥပဒေအတွက် နည်းဥပဒေ မထွက်သေးလို့ မရှင်းလင်းတာတွေ ရှိနေပြီး အငြင်းပွားရတာတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ခါးပတ်မပတ်လို့ အရေးယူတာ နှစ်ရက်အတွင်း ယာဉ်စီးရေ ၅၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024