ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု- အပိုင်း (၅)
DVB
·
November 24, 2011
ထိုင်းနိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်၏ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးပြဿနာများ
ထိုင်းပင်လယ်ကွေ့ဒေသက ရယောင်း (Rayong) ဒေသဟာ ထားဝယ်လိုပဲ ဖြောင့်တန်းလှပတဲ့ သဲဖြူ ပင်လယ်ကမ်းခြေတခုကို ပိုင်ဆိုင်ထားပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကာလ ထိုင်းပင်လယ်ကွေ့မှာ သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိခဲ့ချိန်ကစလို့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒီဒေသဟာ စက်မှုလုပ်ငန်းတွေရဲ့ ဗဟိုချက်အဖြစ် အကြီးအကျယ် ပြောင်းလဲခဲ့ပါတယ်။
[caption id="attachment_18253" align="aligncenter" width="594" caption="Map Ta Phut စက်မှုဇုန်တည်ရှိရာ ကမ်းခြေကို ရေတိုက်စားခံနေရပုံနဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ"][/caption]
အဲဒီအချိန်ကာလမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ရေနံဈေးကြီးမြင့်မှု ပြဿနာနဲ့ ရင်ဆိုင်နေရသလို၊ ထိုင်းဘတ်ငွေတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေတန်ဖိုးတို့နဲ့ ယှဉ်ရင် အတော်လေး ကျဆင်းနေချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံတွင်း ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လို ဖွံ့ဖြိုးပြီးစ အရှေ့အာရှနိုင်ငံတွေက စက်မှုလုပ်ငန်းရှင်တွေဟာ ထုတ်လုပ်မှုစရိတ် သက်သာတဲ့ အရှေတောင်အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ရှာဖွေနေချိန်လည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို သုံးသပ်မိတဲ့ ထိုင်းအစိုးရဟာ ရင်ဆိုင်နေရတဲ့ စီးပွားရေး အခက်အခဲကို ကျော်လွှားနိုင်မယ့် အခွင့်အလမ်းတရပ်အဖြစ် သဘာဝဓာတ်ငွေ့သိုက် တည်ရှိရာ ထိုင်းပင်လယ်ကွေ့ ရယောင်းခရိုင်မှာ အရှေ့ဘက်ပင်လယ်ကမ်းခြေဖွံ့ဖြိုး ရေး (Eastern Seaboard Development Plan) အမည်ရှိတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း တရပ်ကို အကောင်အထည် စဖော်ခဲ့ပါတယ်။ မက်တဖွတ် (Map Ta Phut) ဒေသကို စက်မှုဇုန်ထူထောင်ပြီး အရှေ့အာရှနိုင်ငံတွေဆီက အရင်းအနှီးတွေ ထိုင်းနိုင်ငံတွင်း စီးဝင်လာအောင် လုပ်နိုင်ခဲ့ပါတယ်။
မက်တဖွတ် စက်မှုဇုန်မှာ အခြေခံအဆောက်အုံတွေ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုဟာ ထိုင်းဘတ်ငွေ သန်းပေါင်း ၃၇၀,၀၀၀ ရှိခဲ့ပါတယ်။ လက်ရှိ ဒေါ်လာဈေးနဲ့တွက်ရင် ဒေါ်လာ သန်းပေါင်း ၁၂,၀၀၀ (၁၂ ဒသမ ၅ ဘီလျံ) ရှိပါ တယ်။ ဒါကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏချင်း သိပ်မကွာပါဘူး။
အလားတူပဲ မက်တဖွတ် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အဓိကပါဝင်ခဲ့တာဟာ ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ထားဝယ်စီမံကိန်း မန်နေဂျင်း ဒါရိုက်တာ ဆွမ်ချက် တီနာပေါင် (Somchet Thinaphong) ဟာလည်း မယ့်တဖွတ် စက်မှုဇုန်စီမံကိန်း ရေးဆွဲတဲ့အထဲမှာ ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ဟာ မက်တဖွတ်နဲ့ နှိုင်းစာရင် ဆယ်ဆလောက် ကြီးမားတာကလွဲပြီး တည်ဆောက်မယ့် စက်ရုံအမျိုးအစား၊ ကနဦး ရင်းနှီးမြှုပ်နှံမှု၊ ရေမြေ အနေအထားနဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝအခြေအနေဟာ အတော်လေး ဆင်တူတာ ကြောင့် မြန်မာပြည်သူတွေနဲ့ အထူးသဖြင့် ထားဝယ်ဒေသခံတွေအနေနဲ့မက်တဖွတ် စက်မှုဇုန်ရဲ့ အကျိုးသက်ရောက်မှုတွေကို သိထားသင့်ပါတယ်။
နှစ်ပေါင်း ၂၀ ကြာပြီးနောက် မက်တဖွတ် စက်မှုဇုန်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြော ဖြစ်လာပြီး တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှု (GDP) ကို အဓိကမြှင့်တင်ပေးတဲ့ ဒေသလည်း ဖြစ်လာပါတယ်။
တချိန်တည်းမှာပဲ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တွေကြားမှာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစက်မှုဇုန်ကြီး ဖြစ်လာတဲ့ မက်တဖွတ်ဟာ ဓာတုအဆိပ်မျိုးစုံ ခြုံလွှမ်းနေတဲ့ ဒေသကြီးတခုအဖြစ် ရှုမြင်လာကြပါတယ်။
[caption id="attachment_18254" align="aligncenter" width="592" caption="Map Ta Phut စက်မှုဇုန်တည်ရှိရာ ရယောင်းဒေသက ကမ်းခြေတလျှောက်လုံး ရေတိုက်စားခံထားရပုံကို Google Earth မှ မြင်တွေ့ရပုံ "][/caption]
“ထိုင်းနိုင်ငံကို လူသားတဦးအနေနဲ့ သဘောထားမယ်ဆိုရင် မက်တဖွတ်ဟာ ကင်ဆာပါပဲ။ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်နေမှန်း အစပထမတော့ သတိပြုမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားသတိပြုမိလိုက်တဲ့အချိန်မှာ ကုသဖို့ သိပ်ခက်ခဲသွားပါပြီ” လို့ မက်တဖွတ်ဒေသမှာ နှစ်ရှည်လများ နေထိုင်ခဲ့ဖူးတဲ့ ဘန်ကောက်အခြေစိုက် Greenpeace Southeast Asia (GPSEA) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာကိုယ်စားလှယ် တာရာ ဘူအာခမ်စရီ (Tara Buakamsri) က ရှင်းပြပါတယ်။
မက်တဖွတ် စက်မှုဇုန်ကို စတင်လည်ပတ်ပြီး ၁၀ နှစ်လောက်အကြာ ၁၉၉၇ ခုနှစ်မှာ ဒေသခံပြည်သူတွေကို အကြီးအကျယ် တုန်လှုပ်သွားစေတဲ့ ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့ပါတယ်။ ရေနံချက်စက်ရုံတခုနဲ့ ခြံစည်းရိုးပဲခြားတဲ့ စာသင်ကျောင်း တခုက ကျောင်းသားနဲ့ ဆရာဆရာမ ၁,၀၀၀ လောက် အဆိပ်သင့် ဓာတ်ငွေ့တွေ ပါတဲ့လေကို ရှူရှိုက်မိလို့ ဆေးရုံတင်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ စက်မှုဇုန်ကြောင့် လေထုနဲ့ရေထု ညစ်ညမ်းလာတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေအကြား စတင်ခဲ့ကြပါတယ်။
အဲဒီနှစ်ထဲမှာပဲ Greenpeace ဟာ Campaign for Alternative Industry Network (CAIN) နဲ့ Global Community Monitor (GCM) စတဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မက်တဖွတ် လေထုနဲ့ရေထုကို သိပ္ပံနည်းကျ စမ်းသပ် စစ်ဆေးလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီး Thailand’s Air: Poison Cocktail ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာအရ မက်တဖွတ်စက်မှုဇုန်မှာ ကင်ဆာရောဂါဖြစ်စေတဲ့ Carcinogenic ဒြပ်ပေါင်း ၂၀ ထဲက ၁၉ မျိုးဟာ လေထုထဲရှိသင့်တာထက် အဆပေါင်းများစွာ များပြားနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါ ကြောင့် လည်း အစီရင်ခံစာကို Poison Cocktail လို့ အမည်တပ်ခဲ့ပါတယ်။
၂ဝဝ၇ ခုနှစ်မှာ ထိုင်းကျန်းမာရေးဌာနက မက်တဖွတ်ဒေသခံ ၂,၁၇၇ ဦးကို စမ်းသပ်ပါတယ်။ အဲဒီအထဲက လူပေါင်း ၃၀၀ မှာ Benzene Level ထူးထူးကဲကဲ မြင့်မားနေတာ တွေ့ခဲရပါတယ်။ မက်တဖွတ်ဒေသအတွင်း အများပြည်သူသုံးစွဲတဲ့ ရေတွင်းရေကန် ၂၅ ခုက ရေနမူနာတွေကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာလည်း သံဓာတ် ၁၅၁ ဆ၊ ခဲဓာတ် ၄၇ ဆ၊ မန်ဂနိစ် ၃၄ ဆ၊ ဇင့် ၁၀ ဆနဲ့ ကက်မီယမ် ၆ ဆ ပိုလွန်ပါဝင်နေတာ တွေ့ရှိခဲ့ပါတယ်။
ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တခုမှာလည်း မက်တဖွတ်စက်မှုဇုန်နဲ့ ကပ်ရက် ရယောင်းခရိုင် (Muang Rayong District) ဟာ တခြားဒေသတွေထက် သွေးကင်ဆာ (Leukemia) ဖြစ်ပွားနှုန်း ၅ ဆ မြင့်မားနေပါတယ်။
အဆိပ်သင့်နေတဲ့ မက်တဖွတ်စက်မှုဇုန်တဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၅ ရွာရဲ့ အတွေ့အကြုံအရ နှစ်စဉ် မိုးရာသီရောက်လာရင် ပထမဆုံးရွာတဲ့မိုးကို သတိထား ရှောင်ရတယ်လို့ ပြောပါတယ်။ အက်ဆစ်မိုးဖြစ်တာကြောင့်ပါ။ အက်ဆစ်မိုးကြောင့် စိုက်ခင်းတွေ၊ သီးနှံတွေ ပျက်စီးထိခိုက်ခဲ့ပါသည်။
ရေကန်တွေနဲ့ မြေအောက်ရေတွေ အဆိပ်အတောက်ဖြစ်နေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ထိခိုက်ရတဲ့ ကိစ္စအပေါ် အရင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) လက်ထက်တုန်းက ဒေသခံတွေစုပေါင်းပြီး အစိုးရ ကို တိုင်ကြားခဲ့ပါတယ်။ အစိုးရက စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် စစ်ဆေးမှုရဲ့ရလဒ်ကို ဒေသခံတွေကို အသိမပေးခဲ့ပါဘူး။
ဝန်ကြီးချုပ်အဖိဆစ်ကိုယ်တိုင် မက်တဖွတ်ဒေသကို ကြည့်ရှုစစ်ဆေးဖို့ ရောက်လာစဉ်မှာ ဒေသခံတွေက ဝန်ကြီးချုပ်ကို သူတို့ဒေသက ရေဟာ သန့်ရှင်းတယ်ဆိုရင် အခုခပ်လာတဲ့ရေကို သောက်ပြပါလို့ တောင်းဆိုခဲ့ပေမယ့် ဝန်ကြီးချုပ်က မသောက်ခဲ့ဘူးလို့ သိရပါတယ်။
ဒီလို အခြေအနေတွေ ဆိုးသထက်ဆိုးလာနေပေမယ့် ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အမျိုးသား ပတ်ဝန်းကျင်ရေးရာ ဘုတ်အဖွဲ့ National Environmental Board (NEB) အနေနဲ့ မက်တဖွတ်ဒေသကို ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရာဒေသ (Pollution Control Area) အဖြစ် ကြေညာဖို့ ပျက်ကွက်နေမှုအပေါ် ဒေသခံတွေက ၂၀၀၇ ခုနှစ်မှာပဲ စတင်တရားစွဲပါတယ်။
ထိုင်းနိုင်ငံရဲ့ ၂၀၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရဟာ သူ့ရဲ့တာဝန်ဝတ္တရားတွေအတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် နိုင်ငံသားတွေက ထိုအစိုးရကို တရားစွဲခွင့် အခွင့်အရေးပေးထားပါတယ်။
၂၀၀၉ ခုနှစ် မတ်လမှာ ရယောင်းဒေသတရားရုံး (Rayong Provincial Administrative Court) က ဒေသခံတွေရဲ့ တရားစွဲဆိုမှုကို အနိုင်ပေးခဲ့ပြီး အစိုးရအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း မက်တဖွတ်စက်မှုဇုန်ကို Pollution Control Area အဖြစ် သတ်မှတ်ဖို့ အမိန့်ချမှတ်ပါတယ်။ ညစ်ညမ်းစက်ရုံတွေကိုလည်း ရှင်းလင်းခိုင်းပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှ ထပ်မံတိုးချဲ့တည်ဆောက်မယ့် စက်ရုံပေါင်း ၇၆ ရုံကို ရပ်ဆိုင်းခဲ့တဲ့အတွက် ဘတ်ငွေ ၄၀၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ စက်မှုလုပ်ငန်းရှင်တွေဘက်က ပြန်လည်ကြိုးစားတဲ့အတွက် ဒီဇင်ဘာလမှာ တရားရုံးချုပ် (Supreme Administrative Court) က ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိတဲ့ စက်ရုံ ၁၁ ရုံကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ဒီမိုကရေစီအခြေခံတွေ အတော်အတန် တည်ဆောက်ထားနိုင်ပြီး နိုင်ငံသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာမှာ အစိုးရကိုတောင် တရားစွဲပိုင်ခွင့် အခွင့်အရေးပေးထားသလို၊ ထိုင်းအစိုးရကလည်း တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်တဲ့ ဥပဒေတွေ ပြဌာန်းထားပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်တဲ့ NEB လို ဥပဒေကို အကောင်အထည်ဖော်မယ့် အဖွဲ့မျိုးလည်း ဖွဲ့စည်းထားပါတယ်။
ဒါပေမယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ များများဝင်ရောက်နိုင်အောင် စီးပွားရေးလုပ်ငန်းရှင်တွေကို မျက်နှာသာပေးရတာကြောင့် ဥပဒေကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်တာ၊ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားထဲက အကျင့်ပျက်ချစားမှုတွေနဲ့ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတွေက ကုမ္ပဏီကြီးတွေဟာ သူတို့နိုင်ငံတွေမှာ အသုံးပြုတဲ့ အဆင့်မြင့် စက်မှု နည်းပညာကို မက်တဖွတ်မှာ မသုံးစွဲဘဲ စရိတ်သက်သာတဲ့ အဆင့်နိမ့်နည်းပညာတွေ သုံးစွဲခဲ့တာကြောင့် အခုလို သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတွေကို အချိန်တိုတိုအတွင်း ဆိုးဆိုးရွားရွား ခံစားနေရခြင်းဖြစ်တယ်လို့ ပညာရှင်များက Thailand’s Air: Poison Cocktail အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။