Home
မြန်မာသတင်း
ကျောက်တော်မဟာမုနိဘုရားတွင် ရွှေကပ်မှုရပ်ဆိုင်းရန်ဆုံးဖြတ်၊ ရွှေများပြန်လည်ခွာချမည်
DVB
·
January 3, 2017
အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မဟာမြတ်မုနိ ဘုရားပေါ်မှာ ရွှေပြားကပ်တာတွေ၊ ရွှေသင်္ကန်းကပ်တာတွေ ရပ်ဆိုင်းလိုက်ပြီး ဘုရားကိုယ်ပေါ်မှာ ကပ်ထားတဲ့ရွှေပြားတွေကို ခွာချတော့မယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း ရောက်ရှိလာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် မဟာမုနိဂေါပကအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ရှေးဟောင်းသုတေသနဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။ ဘုရားကိုယ်ပေါ်မှာ ရွှေပြားခွာချလို့ပြီးရင် ရွှေပြားရွှေသင်္ကန်းတွေ လုံးဝကပ်ခွင့်ပေးတော့မှာ မဟုတ်တော့ဘူးလို့ ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က ဒီဗွီဘီကို ပြောပါတယ်။ “မဟာမုနိဘုရားမှာ ရွှေပြားတွေ မကပ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြတယ်။ မအောင်မြင်ခဲ့ဘူး။ အခု ရခိုင်ပြည်နယ် အစိုးရရဲ့ အကူအညီနဲ့ ဆုံးဖြတ်လိုက်တာပါ။ လာမယ့်အပတ်မှာ ရွှေတွေခွာမယ်။ နောက်ပြီးတော့ ရွှေတွေခွာလို့ ပြီးတာနဲ့ ရွှေတွေကို လုံးဝ ကပ်ခွင့်မပေးတော့ဘူး။ ရှေးမူဟောင်းအတိုင်း ထားတော့မယ်။ ဒါက ရခိုင်ပြည်နယ် အစိုးရရယ်၊ တာဝန်ရှိသူတွေအားလုံးနဲ့ ဒေသခံတွေက ဆုံးဖြတ်လိုက်တာပါ။” ကျောက်တော်မဟာမုနိဘုရားက ရွှေတွေခွာမယ့် အစီအစဉ်ကို လာမယ့်အပတ်ထဲမှာ စတင်မှာဖြစ်ပြီး၊ မန္တလေးရှေးဟောင်းသုတေသုနအဖွဲ့က ရွှေခွာတဲ့ပညာရှင်တွေ ခေါ်ယူထားတယ်လို့ ပြောပါတယ်။ ရွှေခွာမယ့်ရက် ကန့်သတ်အချိန် တပတ်လောက်ကြာမှာဖြစ်လို့ ရွှေခွာတဲ့အချိန်ကို နေ့လယ်ပိုင်းနဲ့ အများပြည်သူတွေ အများရှေ့မှာခွာသွားမယ်လို့ ဆိုပါတယ်။ ကျောက်တော်မဟာမုနိ ဘုရားဟောင်းမူအတိုင်း ပြန်ပြီးတော့မြင်ချင်တယ်လို့ မုနိမြေသန့်ရှင်းရေး အသင်းမှ ဥက္ကဋ္ဌ ကိုအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “အခုဆိုရင် ဘုရားခန္ဓာကိုယ်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ နားတောင်းဝတ်ဆင်ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတယ်။ အဲဒါတွေ ဘုရားပုံစံနဲ့ လုံးဝ မတူတော့ဘူး။ မဟာမုနိဘုရားဆိုတာ ရှေးဟောင်းဘုရား ဖြစ်တာကြောင့် မူရင်းအတိုင်း ရှိသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒါကြောင့် အခုလိုဆုံးဖြတ်လိုက်တာ အရမ်းကိုကောင်းတယ်။ ဒါက ပြည်သူတရပ်လုံးက လိုလားနေတာပါ” လို့ ပြောပါတယ်။ ကျောက်တော်မဟာမုနိဘုရားမှာ ရွှေပြား၊ ရွှေသင်္ကန်း ကပ်မှုတွေကြောင့် လက်ရှိအချိန်ထိ ဆိုးဆိုးဝါးဖြစ်လာနေပြီး လက်မောင်းတော်ကြီးထွားလာတာ ဗိုက်တွေ ဖောင်းလာတာ။ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်နေတာပါ။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024