Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် နောက်ဖေးလမ်းကြား အမှိုက်စွန့်ပစ်ပါက အရေးယူမည်
DVB
·
January 3, 2017
ရန်ကုန်မြို့တွင်း ၆ မြို့နယ် နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရာမှာ ၄ လအတွင်း  အမှိုက်တန်ချိန် ၄၀၀၀ နီးပါး ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တွေထဲက နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းမှုကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က “အမှိုက်တန်ချိန်အနေနဲ့ကတော့ ဒေါင်းတောင်း ၆ မြို့နယ်မှာ တန်ချိန် ၄၀၀၀ နီးပါး သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခု မြို့တွင်း  ၆ မြို့နယ်ပြီးတော့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ အလုံမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေကို  ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်” လို့ ပြောပါတယ်။ အလုံမြို့နယ်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ စတင်ဆောင်ရွက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ ဇန်နဝါရီ ၁ရက်က စပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်ဖေးလမ်းကြား ရှင်းလင်းပြီးစီးပြီးနောက်ပိုင်းမှာ မြို့နယ်တချို့မှာတော့ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် အရေးယူဆောင်ရွက်မှုတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က “အရေးယူဆောင်ရွက်မှု ပြုလုပ်တဲ့အခါမှာ ကျနော်တို့ဌာနအနေနဲ့ လက်ပူးလက်ကြပ်မိရင် ဒဏ်ငွေ ၁ သောင်း ရိုက်ပါတယ်။ နောက် အဖီအဆွယ်တွေ ထပ်မံတိုးချဲ့ခြင်း၊ နောက်ဖေးလမ်းကြားမှာ  ဆောက်လုပ်ရေးသုံး စွန့်ပစ်ပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်တာတွေ တွေ့ရင်လည်း အရေးယူဆောင်ရွက်ပါတယ်။ မြို့ထဲ ၆ မြို့နယ်မှာ အရေးယူ ဆောင်ရွက်မှုအပိုင်းအနေနဲ့ ပုဇွန်တောင်မြို့နယ်မှာဆိုရင် ၁၇ မှု အရေးယူခဲ့ပါတယ်။ ဗိုလ်တထောင်မြို့နယ်မှာဆိုရင် ၇ မှုပါ။ ကျောက်တံတားမြို့နယ်မှာဆိုရင် ၅ မှုပါ။ ပန်းဘဲတန်းမြို့နယ်ဆိုရင် ၆ မှုပါ။ လသာမြို့နယ်ဆိုရင် ၁၃ မှုပါ။ လမ်းမတော်မြို့နယ်မှာဆိုရင် တရားစွဲဆိုမှု ၂၀ ရှိပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်ထဲမှာ တရက်ကို အမှိုက်တန်ချိန် ၂၀၀၀ ကျော် ထွက်ရှိပါတယ်။ အမှိုက်စွန့်ပစ်မှုကတာ့ နေ့စဉ် ထိန်ပင်၊ ထားဝယ်ချောင်၊ မင်္ဂလာဒုံ၊ ကျူချောင်၊ ဒလ၊ ဆိပ်ကြီးခနောင်တို တို့မှာရှိတဲ့ နေရာ ၆ နေရာမှာ အမှိုက်စွန့်ပစ်နေတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်ကတော့  ရန်ကုန်မှာ အမှိုက်ပုံစရာနေရာ ရှားပါးလာနေပြီး နေရာသစ်ရှာဖို့ လိုနေတယ်လို့ ပြောပါတယ်။ “အမှိုက်ပုံတဲ့နေရာမှာကျတဲ့ အရည်တွေက အောက်ထဲဆင်းတဲ့အတွက် အဲဒီမြေကြီးမှာ သစ်ပင်စိုက်လို့ မရတော့ဘူး။ ကျနော်တို့က နောင်မှာ အခုလက်ရှိ အမှိုက်ပုံတွေကို ဒီအတိုင်း ဘာမှမလုပ်ဘဲနဲ့ ထားမယ်ဆိုရင် နောက် လေး၊ ငါး၊ ခြောက်နှစ်မှာ အမှိုက်ပုံစရာနေရာ မရှိတော့ဘူး။ ကျနော်တို့ နေရာအသစ်တွေ ရှာရတော့မယ်။” လက်ရှိ ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းမှုကတော့ အလုံမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာ စတင်ရှင်းလင်းနေပြီ ဖြစ်ပါတယ်။ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်ကတော့ ရပ်ကွက်တွေကနေ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ ရှင်းလင်းထားတယ်လို့ သိရပါတယ်။ သတင်း - ဟေမာဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024