Home
မြန်မာသတင်း
ဂွမြို့နယ်တွင် မှောင်ခိုဂိုဏ်းသယ်လာသည့်  နွားအကောင် ၅၀ကျော်ဖမ်းဆီးရမိ
DVB
·
January 3, 2017
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စည်ပင်ရွာနဲ့ ကျောက်ကြီးရွာအကြား တောအတွင်းမှာ တရားမဝင် မှောင်ခိုကူးလာတဲ့ နွား ၅၃ ကောင်ကို ဂွမြို့နယ် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်က နွားမှောင်ခိုဂိုဏ်းအဖွဲ့တခု စက်လှေနဲ့ နွားမှောင်ခိုကူးလာတယ်လို့ သတင်းအရ ဂွမြို့နယ် ရဲတပ်ဖွဲ့ဝင် ၂၅ ဦး အပါအဝင် ဂွမြို့နယ်မှူးနဲ့ နယ်မြေခံ ကျေးရွာအုပ်ချုပ်ရေး ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဂွမြို့မရဲစခန်း ဒု-ရဲမှူး ဦးအေးထွန်းက “တာဝန်သိပြည်သူတွေ သတင်းပို့ချက်အရ သွားရောက်စောင့်ဆိုင်းပြီး ဖမ်းခဲ့တာပါ။ ကျနော်တို့ ဖမ်းဆီးရမိတာက ည ၉း၃၀ ရှိနေပြီ။ နွားမှောင်ခိုကူးလာတဲ့ နွားအကောင်ရေ ပိုင်ရှင်မဲ့ ၅၃ ကောင် ဖမ်းဆီးရမိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ နွားမှောင်ဂိုဏ်းအဖွဲ့က မှောင်ခိုနွားတွေ သယ်လာဆောင်လာပြီးနောက် တောတောင်တွေမှာ ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားလို့ မှောင်ခိုကူးသူတွေကိုတော့ ဖမ်းမမိခဲ့ဘူးလို့လည်း ဒု-ရဲမှူး ဦးအေးထွန်းက ပြောပါတယ်။ “နွားမှောင်ကူးတဲ့အဖွဲ့ကို မနေ့မနက်ကတည်းက တောက်လျှောက် စောင့်ကြည့်နေတာပါ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ပြီးတော့ ဖမ်းဆီးမလို့ လုပ်နေတယ်။ အဲ့ဒီအချိန်မှာ ၉ နာရီအထိ ရောက်မလာဘူး။ အဲ့ဒီတော့ မှောင်ခိုကူးလာတဲ့ နွားတွေ ဒီတောအတွင်းမှာ ရှိကိုရှိရမယ်ဆိုပြီး လိုက်ရှာတဲ့အခါ မှောင်ခိုကူးလာတဲ့ နွားတွေ တွေ့တာပါ။ နွားမှောင်ကူးလာတဲ့ လူတွေကို တယောက်မှ ဖမ်းမိသေးဘူးဗျ။ နွားတွေကိုတော့ တောတောင်တွေမှာ ပစ်ထားခဲ့တယ်။” ဂွမြို့နယ်အတွင်း စက်လှေနဲ့ နွားတွေကို သယ်ဆောင်လာတဲ့ နွားမှောင်ခိုဂိုဏ်းကို ဖမ်းရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဂွမြို့နယ်ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို၊၊ ဓာတ်ပုံ - ကျော်မြင့်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024