ဗန်းမောက်မြို့နယ်တွင် တရားမဝင် တမလန်းသစ်များ ဖမ်းဆီးရမိ
DVB
·
January 3, 2017
စစ်ကိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မှာ ဇန်နဝါရီလ ၁ ရက်က တရားမဝင် တမလန်းသစ်တန်ချိန် ၇ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေထံက စုံစမ်းသိရပါတယ်။
ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်နဲ့ သစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ နားယကာကျေးရွာထိပ်မှာ စောင့်ဆိုင်းပြီး စက်တောကျေးရွာဘက်မှ မောင်းလာတဲ့ Nissan အမျိုးအစား ၆ ဘီးတပ်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် အနီးရှိ ဆန်စက်ဝင်းအတွင်းသို့ မောင်းဝင်ပြီး ယာဉ်ပေါ်ပါသူတွေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။
ယာဉ်ကို စစ်ဆေးရှာဖွေရာမှာ ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ တမလန်းသစ် ၇ လုံး ၂ ဒဿမ ၀ ၉၆ တန်၊ တမလန်းဒါးရွေတုံး ၂၃ တုံး ၅ ဒဿမ ၂၀၃၀ တန်၊ စုစုပေါင်း ၇ ဒဿမ ၂၉၉ တန် ဖမ်းဆီးရမိပါတယ်။
အဆိုပါယာဉ်နဲ့ တမလန်းသစ်တွေကို ဗန်းမောက်မြို့ သစ်တောဦးစီးရုံးကို ပို့ဆောင်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ ယာဉ်ပိုင်ရှင်တို့ကို ဖော်ထုတ်ဖမ်းဆီးပေးဖို့ ဗန်းမောက်မြို့မရဲစခန်းကို တောအုပ်မျိုးမြင့်က အမှုဖွင့်တိုင်ကြားထားပါတယ်။
သတင်း - ကိုကျော်(အင်းတော်)