ဘရာဇီးတွင် အကျဉ်းထောင်ဆူပူမှု ဖြစ်ပွား၊ လူ ၅၆ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဘရာဇီးနိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က အကျဉ်းထောင်ဆူပူမှု ဖြစ်ပွားခဲ့ပြီး လူ ၅၆ ဦး သေဆုံးခဲ့ကာ အကျဉ်းသား ဒါဇင်နဲ့ချီ ထွက်ပြေးလွတ်မြောက်သွားလို့ ရဲတွေက ရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်ဟာ (Anisio Jobim) ဘရားဇီးနိုင်ငံ အမေဇိုးနားပြည်နယ်၊ မန်နာအိုးစ်ဒေသ အစွန်အဖျားမှာရှိပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၈၇ ဦးထဲက အယောက် ၄၀ ကို ပြန်လည်ဖမ်းမိတယ်လို့ ဇန်နဝါရီ ၃ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ဖို့ သေဆုံးသူ အကျဉ်းသားတွေရဲ့ အလောင်းတွေထားရှိရာ ရေခဲတိုက်ရဲ့ အပြင်ဘက်မှာ မိသားစုတွေကလည်း စုရုံးရောက်ရှိနေသလို တချို့သေဆုံးသူတွေဟာ ခေါင်းဖြတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။ အကျဉ်းထောင်ဆူပူမှုက ဇန်နဝါရီ ၁ ရက်နေ့မှာ ဖြစ်ခဲ့ပြီး ၁၇ နာရီကြာပြီးမှ ဒီဆူပူမှု ပြီးဆုံးခဲ့ပါတယ်။ ဒီအကျဉ်းထောင်ဆူပူမှုဟာ ဘရာဇီးနိုင်ငံမှာ ဒီနှစ်အတွင်းဖြစ်ခဲ့တဲ့ ဆူပူမှုတွေထဲ သေဆုံးမှုအများဆုံး ထောင်ဆူပူမှု ဖြစ်ပါတယ်။ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်မှာ ဖြစ်ခဲ့တဲ့ဆူပူမှုဟာ အမေဇိုးနားပြည်နယ်မှာ အကြီးဆုံး ထောင်ဆူပူမှုဖြစ်ပြီး ထောင်တွင်း ပြိုင်ဘက်ဂိုဏ်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုက စတင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ “ဒါကတော့ မူးယစ်ဆေးဝါး တိတ်တဆိတ် ရောင်းဝယ်ဖောက်ကားမှုနဲ့ ရက်စက်မှု စစ်ပွဲတွေရဲ့ နောက်အခန်းဆက်တခုပဲ” လို့ ပြည်နယ်လူထုလုံခြုံရေး အတွင်းရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီအကျဉ်းထောင်ဆူပူတိုက်ခိုက်မှုက သြဇာအာဏာကြီးမားတဲ့ ဒေသခံ ဂိုဏ်းအဖွဲ့ မြောက်ပိုင်း (FDN) မိသားစုတွေရဲ့ အဖွဲ့ဝင်တွေနဲ့ ဘရာဇီးနိုင်ငံရဲ့ အရှေ့တောင်ဘက် ဆော်ပိုလိုမြို့မှာ အခြေပြုတဲ့ ပြိုင်ဘက် ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးဂိုဏ်းအဖွဲ့ First Capital Command (PCC) တို့အကြား ဖြစ်ခဲ့ပုံရတယ်လို့ အတွင်းရေးမှူးက ဖြည့်ပြောပါတယ်။ ဆူပူမှုစဖြစ်တဲ့အချိန်မှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်းကို အကျဉ်းထောင်စည်းရိုး အပြင်ဘက်ကို ပစ်ထုတ်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆူပူမှု ပြီးဆုံးခဲ့ချိန်မှာတော့ အကျဉ်းသားတွေက လက်နက်ချခဲ့ပြီး ဓားစားခံ ခေါ်ယူထားခဲ့တဲ့ ထောင်ဝန်ထမ်း ၁၂ ဦးကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ အကျဉ်းသား ၆ သိန်းကျော်ရှိပြီး ကမ္ဘာ့အကျဉ်းသားဦးရေ အများဆုံး တိုင်းပြည်တွေထဲ နံပါတ် ၄ နေရာမှာ ရှိနေပြီး ဒီလို အကျဉ်းသားတွေ ပြည့်ကျပ်နေတာကြောင့်လည်း ထောင်တွင်းအကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။ အစီရင်ခံစာတွေအရ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်ဟာ အကျဉ်းသားရေ ၄၅၄ ဦးအတွက်ပဲဖြစ်ပေမယ့် လက်ရှိ အမျိုးသားအကျဉ်းသား ၁၂၂၄ ဦး ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up