တူရကီနိုက်ကလပ်ပစ်ခတ်မှု ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် ကြေညာ

တူရကီနိုက်ကလပ်ပစ်ခတ်မှု သံသယဖြစ်ဖွယ် အမျိုးသား။ (ဓာတ်ပုံ - Turkish Police via Turkish Media)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လူ ၃၉ ဦး သေဆုံးခဲ့တဲ့ နိုက်ကလပ် အကြမ်းဖက် တိုက်ခိုက်မှုကို အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့က မိမိတို့ရဲ့လက်ချက်လို့ ဇန်နဝါရီ ၂ ရက်နေ့က တာဝန်ခံ ကြေညာလိုက်ပါတယ်။ နှစ်သစ်ကူးညက လူ ၆၀၀ လောက်ရှိတဲ့ နိုက်ကလပ်ထဲကို အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ဝင်တဦး သေနတ်အချက် ၁၈၀ လောက် ပစ်ခတ်သွားခဲ့တာပါ။ သေနတ်သမားဟာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း အပူတပြင်း ဆက်လက်ရှာဖွေနေပါတယ်။ တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး လူ ၈ ဦးကို ဖမ်းဆီးထားတယ်လို့ တူရကီရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ တူရကီစစ်တပ်ဟာ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အိုင်အက်စ် အကြမ်းဖက်တွေကို စစ်ဆင်ရေးတွေ လုပ်နေပြီး တူရကီနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၂ ခုကို အိုင်အက်စ်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တူရကီနိုင်ငံက စွပ်စွဲနေတာပါ။ သေနတ်သမားဟာ နိုက်ကလပ်ကို အငှားယာဉ်တစီးနဲ့ ရောက်လာပြီး သေနတ်ရှည်တလက်နဲ့ ၇ မိနစ်ကြာ ရမ်းသန်း ပစ်ခတ်ခဲ့တာပါ။ နိုက်ကလပ်အဝင်မှာ လုံခြုံရေးအစောင့်တဦးနဲ့ ခရီးသွားကုမ္ပဏီ ဝန်ထမ်းတဦးတို့ကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ ပစ်ခတ်အပြီး လူတွေ ဝရုန်းသုံးကားဖြစ်နေချိန် သေနတ်သမားဟာ အပေါ်ဆုံးအင်္ကျီကို ချွတ်ပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up